၃ မိနစ်အတွင်း ရွှေဘို စစ်တပ် ဘန်ကာနှစ်ခုက ပြည်သူ့စစ် ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရရှိ

Author မင်းထက်
Categories
Published on Jul 18, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူစောထီးလေ့ကျင့်ရေးစခန်းဖြစ်တဲ့ ညောင်ကိုင်းနဲ့ ညောင်ပင်လှရွာတို့က ဘန်ကာနှစ်ခုကို စီးနင်းဝင်ရောက်ခဲ့တဲ့ သုံးမိနစ်အတွင်း စစ်ကောင်စီလက်အောက်ခံတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ အညာဒေသတော်လှန်ရေးအထူး တပ်ဖွဲ့ထံမှ သိရပါတယ်။

 

ယမန်နေ့ ဇူလိုင်လ ၁၇ ရက်၊ နံနက် ၆ နာရီ ၅ မိနစ်ခန့်မှာ ညောင်ကိုင်းကျေးရွာမြောက်ဘက်က ဘန်ကာနဲ့ ညောင်ပင်လှရွာက ဘန်ကာတို့ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“သုံးလောင်းကျပါတယ်။ မိမိအဖွဲ့ထိခိုက်မှုမရှိခဲ့ပါ။ မစ်ရှင်အချိန် သုံးမိနစ်နဲ့ ဆုတ်ခွာချိန် သုံးနာရီကြာပါတယ်” လို့ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကြိုတင်သတင်းရရှိချက်နဲ့ ဘန်ကာစခန်းတွေကို ချဥ်းနင်းဝင်ရောက်ချိန် နာရီ ၂၀ မျှကြာမြင့်ခဲ့ကာ ဆုတ်ခွာချိန် သုံးနာရီခန့်နဲ့ အထူးစစ်ဆင်ရေးရဲဘော် ဆယ်ဦး၊ နောက်ချန် အကူတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၃၀ ခန့်နဲ့ အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ကြတယ်လို့ ၎င်းက ဆိုပါတယ်။

 

ယင်းတိုက်ခိုက်မှုအတွင်း MA 1 တစ်လက်၊ ကျည်ဘောက် တစ်ခု၊ G3 တစ်လက်၊ ကျည်ဘောက် လေးခု၊ ၅.၅၆ ကျည် ၁၅ တောင့်၊ ၇.၆၂ ကျည် ၁၇၃ တောင့်၊ ကျည်အိတ်တစ်စုံ၊ မိုဘိုင်းလ်ဖုန်း တစ်လုံးနဲ့ ငွေစက္ကူတစ်သောင်းကျပ်တို့ ရရှိခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေသခံ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကူညီပေးခဲ့တာဖြစ်ပြီး ပြည်သူအပေါင်း အေးချမ်းသာယာတဲ့ဘဝ ပြန်လည်ရရှိတဲ့အထိ လက်နက်ကိုင်တော်လှန်သွားကြမယ်လို့ အဓိဠာန်ပြုကြောင်း အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ရဲ့ ယမန်နေ့ ထုတ်ပြန်ချက်ထဲ ရေးသားပြောဆိုထားပါတယ်။

 

ဓာတ်ပုံ-အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့