ပခုက္ကူက ပျူရွာကို ဝင်စီးနင်းမှု စစ်သားနဲ့ ပျူ ၅ ဦးသေဆုံးတဲ့အပြင် ပြည်သူ့စစ် ၁၀ ဦးနဲ့ လက်နက်များရ

Author မင်းထက်
Categories
Published on Jul 18, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာပျူရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်သားနဲ့ ပျူ ငါးဦးသေဆုံးတဲ့အပြင် ပြည်သူ့စစ် ဆယ်ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

ယမန်နေ့ ဇူလိုင် ၁၇ ရက် နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က PPDF နဲ့ ပူးပေါင်းအဖွဲ့က အောင်သာရွာကို သွားရောက်တိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

 

“တစ်ရွာလုံးစီးနင်းနိုင်ခဲ့တာဗျ။ ဆယ်ယောက် ဖမ်းမိတယ်။ ခုနေတော့ စစ်ဆေးတုန်းဗျ။ ကျန်တဲ့သူတွေကတော့ ပြေးကြတာ။ ပျူအင်အားအကောင်းဆုံးပဲ ၁၀၀ အထက်ရှိတယ်။ အဲဒီရွာက ပျူနဲ့ စစ်တပ်ပဲရှိတော့တာ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

 

အဲဒီတိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သုံးလက်၊ ဘီအေ ၆၃ အမျိုးအစား လေးလက်၊ ရှော့ဂန်း တစ်လက်၊ ဝင်ချက်စတာ တစ်လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်မျိုးစုံ ၃၀၀ ခန့် သိမ်းဆည်းရရှိခဲ့တယ်လို့ PPDF ထံမှ သိရပါတယ်။

 

အဆိုပါတိုက်ခိုက်မှုကို PPDF နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ပခုက္ကူမြို့နယ်အ‌ခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Earthquake People’s Defence Force၊ Justice Revolution Force ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ Young Force UG၊ Thurain TR၊ Shwe Nyar Myae၊ Pakokku Ranger ၊ Hunter Pakokku အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – PPDF