ကံမမြို့က အာဇာနည်နေ့အထိမ်းအမှတ်ဈေးပွဲ လောင်းကစားဝိုင်းများဖြင့် စည်ကား

Author ဆလိုင်း
Categories
Published on Jul 18, 2024

မကွေးတိုင်း၊ ကံမမြို့မှာ ထောင်နဲ့ချီ ရေဘေးဒုက္ခရောက်နေချိန် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဈေးပွဲတော် ကျင်းပနေပြီး လောင်းကစားဝိုင်းများဖြင့် စည်းကားနေတယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

ဇူလိုင်လ ၁၂ ရက်နေ့ကစလို့ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကံမမြို့မှာ ရေဘေးဒုက္ခသည် ၁၀၅၀ ဦးနီးအထိရှိပြီး ၎င်းတို့ဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရကာ စားဝတ်နေရေးအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

၎င်းတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ မဆောင်ရွက်ဘဲ ဇူလိုင်လ ၁၅ ရက်နေ့ကစလို့ ၂၂ ရက်နေ့ထိ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဈေးပွဲတော်ကျင်းပနေတယ်လို့ သိရပါတယ်။

“ရေဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးတွေ မလုပ်ဘဲ လောင်းကစားဝိုင်းကိုပဲ ကျင်းပနေကြတယ်။ မြို့ပေါ်မှာ ရေမြုပ်လို့ ကျောင်းတွေတောင် အားလုံးပိတ်ထားရတယ်။ ရေဘေးဒုက္ခသည်ကလည်း တစ်ရက်ထက် တစ်ရက်တိုးလာတယ်” လို့ ကံမမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီဈေးပွဲတော်ကို စစ်ကောင်စီရဲ့ ကံမမြို့နယ်စီမံကောင်စီအဖွဲ့က ကြီးမှူးကျင်းပတာဖြစ်ပြီး နှစ်လုံးထီ(2D)၊ သုံးလုံးထီ(3D)၊ ဖဲ၊ လေးကောင်၊ ခြောက်ကောင် ဂျင်ဝိုင်းများ စတဲ့​လောင်းကစားပေါင်း ဆယ်မျိုးကျော် ထည့်သွင်းကျင်းပနေတယ်လို့ သိရပါတယ်။

 

ကံမမြို့မှာ ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နေတာကြောင့် မြစ်ကမ်းဘေး ကျေးရွာအများအပြား ရေမြုပ်နေပြီး ရေဘေးဒုက္ခသည် ဦးရေကလည်း တဖြည်းဖြည်း တိုးလာနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – စစ်ကောင်စီလက်အောက်ခံ ကံမမြို့နယ်စီမံကောင်စီ ဦးစီးကျင်းပတဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲကို တွေ့ရစဥ်