CDF-Daai အဖြစ်ဖွဲ့စည်းဖို့ ချင်းတော်လှန်ရေးအဖွဲ့အသီးသီးမှ ဒိုင်ရ်မျိုးနွယ်စုတွေ နုတ်ထွက်

Author ဆလိုင်း
Categories
Published on Jul 18, 2024

မျိုးနွယ်စုတွေစုံလင်ကွဲပြားတဲ့ ချင်းပြည်မှာ ဒိုင်ရ်ဒေသန္တရကောင်စီကို ဖွဲ့စည်းပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ CDF-Daai ဖွဲ့စည်းဖို့ တော်လှန်ရေးအဖွဲ့အသီးသီးက ဒိုလ်လူမျိုးတွေ နုတ်ထွက်ခဲ့ကြတယ်လို့ အဲဒီကောင်စီထံမှ သိရပါတယ်။

 

မေလ ၁၆၊ ၁၇ ရက်နေ့တို့မှာ ကျင်းပခဲ့တဲ့ ဒိုင်ရ်ပြည်သူ့ညီလာခံရဲ့ ဆုံးဖြတ်ချက်အရ ချင်းပြည်(တောင်ပိုင်း)၊ လေးမြို့နယ်မှာ ပျံ့နှံ့နေတဲ့ ဒိုင်ရ်မျိုးနွယ်စုတွေကို ပြန်လည်ပေါင်းစည်းရေးလုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

CDF-Daai က ဒိုင်ရ်မျိုးနွယ်စုတစ်ခုလုံးကို လွှမ်းခြုံမှုမရှိတာကြောင့် ပြန်လည်စုစည်းတဲ့အနေနဲ့  ချင်းလဲန်းကောင်စီ(CC)မှ ဒိုင်ရ်လူမျိုးတွေ နုတ်ထွက်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

အလားတူ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းကာကွယ်ရေးတပ်(ကန်ပက်လက်)ရဲ့ တပ်ရင်းတစ်ခုဖြစ်သလို ဒိုင်ရ်မျိုးနွယ်စုဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့တပ်ရင်းလည်းဖြစ်တဲ့ Kkei sing တပ်ရင်းကလည်း CDF(ကန်ပက်လက်)မှ နုတ်ထွက်ပြီး ဒိုင်ရ်ဒေသန္တရကောင်စီရဲ့ လက်အောက်မှာ CDF-Daai အဖြစ် ရပ်တည်မယ်လို့ ဆိုပါတယ်။

 

Kkei sing တပ်ရင်း နုတ်ထွက်ခြင်းဟာ ပြဿနာတစ်စုံတစ်ရာအတွက်ကြောင့်မဟုတ်ဘဲ ၎င်းတို့မျိုးနွယ်စုအရေး ဆောင်ရွက်ဖို့ နုတ်ထွက်ခြင်းဖြစ်တယ်လို့ CDF (ကန်ပက်လက်) တပ်မဟာမှူးက CJ Platform သို့ ပြောပါတယ်။

 

“သူတို့ နုတ်ထွက်စာ တင်ထားတယ်။ အကြောင်းအရာ ပြဿနာကြောင့်မဟုတ်ဘဲနဲ့ ထွက်သွားကြတာဖြစ်တယ်။ သူတို့ရဲ့ အရေးအရာကို စုပေါင်းပြီးတော့မှ ဆောင်ရွက်သွားနိုင်ဖို့ ထွက်သွားကြတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ မြို့နယ်က ဘယ်လိုဆုံးဖြတ်မလဲ။ မြို့နယ်က ခေတ္တ ဘယ်လိုဖြစ်မယ်ဆိုတာမျိုးတော့ ပြောလို့မရသေးပါဘူး” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် မတူပီမြို့နယ်အခြေပြု ချင်းကာကွယ်ရေးတပ်(မတူပီ) တပ်မဟာ(၂)က ဒိုင်ရ်မျိုးနွယ်စု တပ်ရင်းဖြစ်တဲ့ လီစန်းတပ်ရင်းကလည်း အဲဒီတပ်ဖွဲ့ထံမှ နုတ်ထွက်လိုက်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

 

ဒိုင်ရ်မျိုးနွယ်စုတွေ ပြန်လည်ပေါင်းစည်းပြီးမှ ချင်းအမျိုးသားစည်းလုံးမှုမှာ ပြန်လည်ပါဝင်လာမယ်လို့ ဒိုင်ရ်ဒေသန္တရကောင်စီ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“‌ချင်းပြည်နယ်တောင်ပိုင်းက ကျွန်တော်တို့ မျိုးနွယ်စုတွေ ပြန်လည်ပေါင်းစည်းရေးအတွက် အရင်ဆုံးလုပ်ဆောင်ရမှာဖြစ်လို့ နုတ်ထွက်ကြတာဖြစ်ပါတယ်။ မျိုးနွယ်စုတွေ စုစည်းမှုပြီးသွားရင် ချင်းအမျိုးသားစုစည်းမှုမှာ ပြန်လည်ပါဝင်သွားပါမယ်” လို့ ၎င်းက ဆိုပါတယ်။

 

ဒိုင်ရ်မျိုးနွယ်စုတွေ ယခုလို အဖွဲ့အစည်းအသီးသီးက နုတ်ထွက်ခြင်းဟာ ဒိုင်ရ်မျိုးနွယ်စုတွေ ပေါင်းစည်းရေးအတွက် လုပ်ဆောင်ခြင်းဖြစ်တာကြောင့် ချင်းအမျိုးသားရေးအတွက်ပါ အထောက်ကူပြုမယ်လို့ ချင်းလေ့လာသုံးသပ်တဲ့ ချင်းကျောင်းသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဒိုင်ရ်မျိုးနွယ်စုတွေက သူတို့ စည်းလုံးရေးအတွက် လုပ်ဆောင်ဖို့ အခုလို အဖွဲ့သီးသီးတွေက နုတ်ထွက်ကြတာဖြစ်တယ်။ သူတို့စည်းလုံးမှုရှိမှ ချင်းအရေးမှာ ဒိုင်ရ်ပြည်သူတွေ ထောက်ခံအားပေးတဲ့ အဖွဲ့အစည်းတွေမှာ ပြန်ပါဝင်လာနိုင်မှာဖြစ်တယ်။ အဲဒီအတွက်တော့ ဒိုင်ရ်မျိုးနွယ်စုအတွက်ရော၊ ချင်းအမျိုးသားရေးအတွက်ကောင်းတဲ့ လက္ခဏာပဲဖြစ်ပါတယ်” လို့ ၎င်းက မှတ်ချက်ပေးပါတယ်။

 

၎င်းတို့စည်းလုံးမှုရရှိပြီးပါက ဒိုင်ရ်မျိုးနွယ်စုကိုယ်စား ဒိုင်ရ်ဒေသန္တရကောင်စီက ချင်းအရေးတွင် ပြန်လည်ပါဝင်လာမှာဖြစ်တယ်ထင်မြင်မိကြောင်း ၎င်းက ဆိုပါတယ်။

 

ဒိုင်ရ်(ချင်း)မျိုးနွယ်စုဟာ ချင်းပြည်နယ်(တောင်ပိုင်းက) ပလက်ဝမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့မှာ ပျံ့နှံနေထိုင်ပြီး လူဦးရေအားဖြင့် ခန့်မှန်းခြေ သုံးသောင်းနဲ့အထက်ရှိတယ်လို့ သိရပါတယ်။

 

လက်ရှိ ချင်းပြည်ထဲ ချင်းပြည်မှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နဲ့ ချင်းပြည်ကောင်စီ(CC)ဆိုပြီး နှစ်ဖွဲ့ကွဲနေကြပြီး နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

 

ဓာတ်ပုံ – CDF-Daai

 

ပုံစာ- ချင်းကာကွယ်ရေးတပ်(ဒိုင်ရ်)တပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်