ပြည်ပသွင်းကုန်လျှော့နိုင်ရန် စောင်၊ ခြင်ထောင်၊ အိပ်ယာခင်းတွေ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင်ထုတ်ဖို့ စစ်ခေါင်းဆောင် ပြော

Author ကိုထားဝယ်
Categories
Published on Jun 18, 2024

သွင်းကုန်များလို့ အမေရိကန်ဒေါ်လာပြတ်လာနေတဲ့ စစ်ကောင်စီ ခေါင်းဆောင်ဟာ မိတ္ထီလာတပ်ချည်မျှင်စက်ရုံသွားပြီး ပြည်ပသွင်းကုန်လျှော့နိုင်ရန် စောင်၊ ခြင်ထောင်၊ အိပ်ယာခင်းတွေ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင်ထုတ်ဖို့ ပြောခဲ့ပြန်ပါတယ်။

 

မနေ့ ဇွန်လ ၁၇ ရက်မနက်ပိုင်းမှာ မန္တလေးတိုင်းထဲက တပ်မြို့ မိတ္ထီလာကို ရောက်နေချိန် တပ်မတော်ချည်မျှင်နဲ့ အထည်စက်ရုံ (မိတ္ထီလာ)သို့ သွားရောက်ခဲ့ပါတယ်။

အဲဒီမှာ စစ်ခေါင်းဆောင်က “ပြည်ပကို ဝါတွေ ရောင်းမယ့်အစား ပြည်တွင်းမှာလိုအပ်တဲ့ အဆင့်မီချည်တွေထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမယ်” လို့ စက်ရုံမှူးနဲ့ လုပ်သားတွေကို တိုက်တွန်းခဲ့ပါတယ်။

 

 

အဲဒီနောက် ခြင်ထောင်၊ စောင်၊ အိပ်ယာခင်းအပါအဝင် အခြေခံချည်ထည်အမျိုးမျိုးကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်ပြီဖြစ်လို့ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ကျစေရေး ဆောင်ရွက်ရမယ်လို့ မှာကြားသွားတာဖြစ်ပါတယ်။

 

ဒါ့အပြင် ပြည်တွင်းထွက် ဝါတွေနဲ့ အရည်အသွေးမြင့် ချည်ထည်နဲ့ ပိတ်များ ထုတ်လုပ်နိုင်ရေး ဆက်ကြိုးပမ်းရမယ်လို့ ဆိုပါတယ်။

 

တဖန် အထည်အလိပ်နဲ့ ပတ်သက်တဲ့ အငယ်စား၊ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေမှာ လိုအပ်မယ့် ချည်မျှင်နဲ့ အထည်အလိပ်တွေကို ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ပါက ပြည်ပမှ တင်သွင်းနေရမှုကို လျှော့ချနိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောကြားသွားပါတယ်။

 

စစ်ကောင်စီမှာ အမေရိကန်ဒေါ်လာရှားပါးနေပြီဖြစ်လို့ ယခုနောက်ပိုင်း စီးပွားရေးနယ်ပယ်ထဲသွားရောက်ချိန်တိုင်း စစ်ခေါင်းဆောင်ဟာ သွင်းကုန်လျှော့ချရေး အလေးပေးပြောကြားလေ့ရှိပါတယ်။

 

လက်ရှိ ကန်ဒေါ်လာရှားပါးမှုကြောင့် ပြည်ပသွင်းကုန်တစ်ခုဖြစ်တဲ့ စားအုန်းဆီဈေးတွေ မြင့်တက်လာနေသလို အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

 

လက်ရှိ စားအုန်းဆီဈေးဟာ ရန်ကုန်မြို့က လက်လီဈေးကွက်ထဲ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၄,၀၀၀ ကျပ်အထိ ရှိနေတယ်လို့ သိရပါတယ်။ သို့သော် ဝယ်ယူလို့ မရတဲ့အထိ ပြန်လည်ဖြစ်ပေါ်နေတယ်လို့လည်း စားသုံးသူတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – MOI