သမိုင်းကြောင်းကြီးတဲ့ တခြမ်းပဲ့ဗလီက ကုရ်ဘာနီအီးဒ်နေ့ ဝတ်ပြု ပုံရိပ်များ

Author ကိုထက်
Categories
Published on Jun 18, 2024

ဒီကနေ့ ဇွန်လ ၁၈ ရက်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်ဘာနီအီးဒ်နေ့ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ သူတို့ယုံကြည်ရာ ကောင်းမှုကုသိုလ်တွေနဲ့ ဝတ်ပြုရှိခိုးခြင်းတွေ ပြုလုပ်ကြပါတယ်။

သူတို့ဟာ နွား၊ နွားနောက်၊ ဆိတ်၊ သိုးတို့ကို အစ္စလာမ်စည်းမျဉ်းစည်းကမ်းအရ ပြုလုပ်ပြီး၊ သုံးပုံပုံကာ လှူဒါန်းကြပါတယ်။ ပထမတစ်ပုံက မိသားစု၊ ဒုတိယတစ်ပုံက ဆွေမျိုးသားချင်း၊ တတိယတစ်ပုံက လူမျိုးဘာသာမရွေးအတွက်ဆိုပြီး ရည်ရွယ်ကာ လှူဒါန်းကြတာပါ။

အဲဒီလိုပဲ နိုင်ငံတဝန်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနာ့မြေနဲ့ အဆောက်အအုံတွေမှာ ဝတ်ပြုရှိခိုးခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီထဲကမှ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ နာမည်ကျော် ကန်တော်ကလေး တခြမ်းပဲ့ဗလီမှာ ဝတ်ပြုဆုတောင်းခြင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဗလီဟာ အင်္ဂလိပ်-မြန်မာ ရန္တပိုစာချုပ်ချုပ်ဆိုချိန် ၁၈၂၆ ခုနှစ်မှာ ဘကြီးတော်မင်းတရားက ချီးမြှင့်ခဲ့တဲ့ သမိုင်းဝင်ဗလီမြေနေရာအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ကို အင်္ဂလိပ်သိမ်းခံရပြီးနောက် အထက်ပန်းဆိုးတန်းလမ်းစီမံကိန်းနဲ့မလွတ်လို့ ဗလီရှေ့မြေကို ဖဲ့ပေးလိုက်ရပြီး တခြမ်းပဲ့ဗလီလို့ နာမည်ရလာခဲ့တာ အခုထိပါပဲ။ နောက်ပိုင်းမှာ အင်္ဂလိပ်တွေက အနောက်ဘက်မှာ မြေအစားထိုးပြန်ပေးခဲ့ပါတယ်။

 

အဲဒီမြေနေရာမှာ ကနဦး သာမန်အဆောက်အအုံအဖြစ်သာဆောက်ခဲ့ပေမဲ့ ၁၉၂၂ ခုနှစ်မှာတော့ အခုမြင်နေရတဲ့ ဗလီပုံစံအတိုင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

 

ဒါကြောင့် သမိုင်းဝင်ဗလီနေရာမှာ ဝတ်ပြုနေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ပုံရိပ်တွေကို CJ Platform သတင်းဌာနက သွားရောက်ရိုက်ကူးပုံဖော်ပေးလိုက်ပါတယ်။

 

သတင်းနှင့် ဓာတ်ပုံများ – ကိုထက်