စဉ့်ကူးမှာ နှစ်ကြိမ်တိုက်ခိုက်ခံရတဲ့ စစ်ကြောင်း အထိနာပြီးနောက် ရွာကို မီးတင်ရှို့၊ ရဲ ၃ ဦးသေဆုံး
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခံရရာမှာ အထိနာခဲ့လို့ ရွာကို မီးတင်ရှို့ခဲ့တယ်လို့ အဲဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရပါတယ်။
အဲဒီမြို့နယ်ထဲက တရော်ပင်ကျေးရွာသို့ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်ကြောင်း ဝင်ရောက်လာချိန် ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က တရေပင်ရွာမြောက်ဘက်အရောက် ပတ်လည် မိုင်း သုံးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ အထိအခိုက်များခဲ့တယ်လို့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ စဉ်းကူး ပကဖက ဆိုပါတယ်။
အဲဒီနောက် ညနေ ၆ နာရီခန့်မှာ ထုံးမိုးကြီးရဲစခန်းက ရဲတပ်သား၊ ပင်လယ်ကြီးအထိုင် တပ်စခန်းမှ စစ်ကောင်စီတပ်သားတွေဟာ အထက်ပါစစ်ကြောင်းကို အင်အားဖြည့်ဖို့လာချိန် ထပ်မံပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ထုံးကြီးရဲစခန်းက ရဲ သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ခဲ့တယ်လို့ စဉ်းကူးပကဖရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ပြောပါတယ်။
“အထိနာတော့ ရွာကို မီးနဲ့ ရှို့တာ။ (ညနေ) ၆ နာရီ ၅ မိနစ်မှာရှို့တာ။ ထုံးကြီးရဲစခန်းက ရဲသုံးယောက်သေတာတော့ အတည်ပြုလို့ရတယ်။ ကျန်တာတော့ ေ-ွး(စစ်ကောင်စီတပ်လက်အောက်ခံ)တွေ ထိခိုက်တာ များတယ်” လို့ သူက ပြောပါတယ်။
တော်လှန်ရေးတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အထိနာသွားတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ တရော်ပင်ကျေးရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀ နီးပါးမီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ငွေတောင်ကျေးရွာ တိုးဂိတ်ကနေ ၁၂၀ မမ ဆယ်လုံးခန့်အထိ တရော်ပင်ကျေးရွာဘက်ကို ပစ်ခတ်ခဲ့ပေမဲ့ လူထိခိုက်မှုမရှိခဲ့ဘူးလို့ သတင်းတာဝန်ခံက ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရ စစ်ကောင်စီလက်အောက်ခံတပ်သားတွေကို စဉ့်ကူးမြို့သို့ သယ်ဆောင်သွားပြီး လတ်တလော ငြိမ်သက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး အိမ်တွေမီးရှို့တာကြောင့် တရော်ပင်၊ မြသီတာနဲ့ မြကန်သာကျေးရွာတွေက ဒေသခံ ၇၀ဝ ဦးအထက်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ မနက် ၇ နာရီခွဲမှ စတင်ပြီး တောင်အင်းရွာက စစ်ကောင်စီတပ်က ၁၂၀ မမနဲ့ ပစ်ခတ်လို့ ဆင်သေကျေးရွာက ဦးနန်းအောင်(၅၃)နှစ်နဲ့ ဦးအောင်ဒင်(၅၁)နှစ်တို့ ထိမှန်သေဆုံးသလို အထက်ဇီးကုန်းကျေးရွာဘက်သို့ ပစ်ခတ်မှုမှာ မောင်ဆန်းထွဋ်(၈)နှစ် ထိမှန်သေဆုံးခဲ့တဲ့အပြင် စစ်လာရှောင်နေတဲ့ ကျွန်းဦးရွာက ကိုချစ်ခိုင်(၅၁)နှစ်နဲ့ ရွာသာရွာက မောင်ဖိုးကွန်း(၁၀)နှစ်တို့ ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။
ဓာတ်ပုံ – ပေးပို့