တီးတိန်က အရေးပါတဲ့ ကနေဒီတောင်တပ်စခန်းကို စစ်ကောင်စီ ပြန်လည်သိမ်းပိုက်

Author ဆလိုင်း
Categories
Published on Jun 18, 2024

စစ်ရေးအရအရေးပါသော ချင်းပြည်(မြောက်ပိုင်း)၊ တီးတိန်မြို့နယ်ရှိ PDF(Zoland) သိမ်းပိုက်ရရှိထားတဲ့ ကနေဒီတောင် တပ်စခန်းကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ရရှိထားတယ်လို့ အဲဒီတပ်ဖွဲ့ဆီကနေ သိရပါတယ်။

 

ကနေဒီတောင် တပ်စခန်းကို မနေ့ ဇွန်လ ၁၈ ရက် မနက် အစောပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လို့ ပြန်လည်လက်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။

 

နှစ်ဖက် မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များစွာနဲ့ ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်တယ်လို့  PDF (Zoland)တပ်ဖွဲ့ဝင်တစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“စစ်ကောင်စီဘက်က အင်အား (၁၀၀)လောက်နဲ့ ထိုးစစ်ဆင်ပြီး လာရောက်တိုက်ခိုက်သွားတာဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲ အနည်းငယ်ဖြစ်တယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်။ ကျွန်တော်တို့ အင်အားမမျှတာကြောင့် ထိခိုက်မှုမရှိခင် ပြန်လည်ဆုတ်ပေးလိုက်တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

 

ကနေဒီတောင် တပ်စခန်းဟာ တီးတိန်မြို့နယ်အတွက် စစ်ရေးအရအချက်ချာကျတဲ့ တပ်စခန်းဖြစ်လို့ စစ်ကောင်စီဟာ အကျအဆုံးများပေမဲ့ ရှေ့ဆက်တိုက်ခိုက်သိမ်းယူသွားတာဖြစ်တယ်လို့ ချင်းပြည်နယ် စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ကနေဒီတောင် တပ်စခန်းက တောင်ထိပ်မှာရှိတဲ့ တပ်စခန်းဖြစ်တယ်။ အဲဒီစခန်းဟာ တီးတိန်မြို့နယ်အပါအဝင် ချင်းပြည်နယ် မြောက်ပိုင်းက မြို့နယ် လမ်းပိုင်းတွေကို အဓိက စစ်ရေးအရ ထိန်းချုပ်လို့ရတယ်။ ဒီဘက် စစ်ကိုင်း ကလေးနယ်နဲ့ တီးတိန်နယ်စပ်အထိ စစ်ရေးအရ ထိန်းချုပ်နိုင်တယ်” လို့ သူက ဆိုပါတယ်။

 

အဲဒီ တပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ PDF Zoland က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီထံမှ စစ်သုံ့ပန်း ၁၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၇ ရက် တီးတိန်မြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ တာဝါတိုင် တပ်စခန်းနဲ့ EPC တပ်စခန်းတို့ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ အရှင်ဖမ်းဆီးရမိသလို လက်နက်ကြီး၊ငယ် ၁၇ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီနေ့ ဇွန်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – CJ