စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ်က အရာရှိအဆောင်နဲ့ ရဟတ်ယာဉ်နှစ်စီးကို တော်လှန်ရေးအဖွဲ့ ဗုံးကြဲတိုက်ခိုက်

Author ကေဇက်
Categories
Published on May 18, 2024

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင် သပြေချောင်းကျေးရွာအနီးက အမှတ်(၈) စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်ကို မေလ(၁၆)ရက် မနက်(၁၁)နာရီလောက်မှာ ဒရုန်းစစ်ဆင်ရေးအနေနဲ့ ဒေါနစစ်ကြောင်းအပါအဝင် ပူး ပေါင်းတပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ‌စစ်ဆင်ရေးမှူး ကိုရန်နိုင်(ဒေါနစစ်ကြောင်း)ဆီက သိရပါတယ်။

 

အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်မှ အရာရှိတွေ စုဝေး‌‌ရောက်ရှိရာ နေရာအဆောက်အဦးတွေနဲ့ ရပ်နားထားတဲ့ MI 2 ရဟတ်ယာဉ် နှစ်စီးကို (၆၀)မမ ခွင်းဗုံးသီး (၈)လုံးအသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ဒရုန်းလာရာ ဘက်ကို (၁၂၀) မမတွေနဲ့ရမ်းသမ်းပြန်ပစ်တယ်။ MI 2နဲ့လည်း နှစ်ကြိမ်လာပစ်တယ်။ ရန်သူ့ဘက်ထိခိုက်မှုကို အသေးစိတ်စုံစမ်းဆဲပဲဗျ”လို့ ကိုရန်နိုင်က CJ Platformကို ပြောပါတယ်။

 

စစ်ကောင်စီဘက်မှ စစ်ရေးပစ်မှတ်မဟုတ်ဘဲ လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတဲ့အတွက် ပြည်သူတွေဘက်က ကတုတ်ကျင်းလိုမျိုး ကာကွယ်ရေးအစီမံတွေ ဆေးဝါးရိက္ခာတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ကြိုတင် စုဆောင်းထားသင့်သလို မပေါ့ဆသင့်ဘူးလို့လည်း ကိုရန်နိုင် အကြံပြုပြောပါတယ်။

အဲ့ဒီစစ်ဆင်‌ရေးမှာ ဒေါနစစ်ကြောင်း တပ်ခွဲ(၄) KBDF Droneတပ်ဖွဲ့၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းမှ sky ghost drone force၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းမှ T5 Wing၊ TPLF Droneတပ်ဖွဲ့၊ YAF Droneတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ရုပ်သံ – ဒေါနစစ်ကြောင်း တပ်ခွဲ(၄) KBDF Droneတပ်ဖွဲ့