RCSS တပ်စခန်းကို SSPP နဲ့ UWSA ပူးပေါင်းစစ်ကြောင်းက ချဉ်းကပ်လာလို့ ရင်ဆိုင်တိုက်ပွဲဖြစ်

Author လဂွန်းအိမ်
Categories
Published on May 18, 2024

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စု နားစံရွာအနီးမှာ ယမန်နေ့ မေလ ၁၇ ရက်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းကို သျှမ်းပြည်တိုးတက်ရေးပါတီ  SSPP၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ စစ်ကောင်စီစစ်ကြောင်းတွေက ချဉ်းကပ်လာတဲ့အတွက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ RCSS ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းခမ်းစံက အတည်ပြုပြောကြားပါတယ်။

 

မိနစ် ၂၀ခန့် ကြာမြင့်ခဲ့တဲ့ ရင်ဆိုင်တိုက်ပွဲမှာ RCSS က နောက်ဆုတ်ပေးခဲ့ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။

 

“တိုက်ပွဲဖြစ်တာတော့ ဟုတ်ပါတယ်၊ တိုက်ပွဲဖြစ်တဲ့နေရာ အနီးဝန်းကျင်မှာ SAC (စစ်ကောင်စီ) ရဲ့ စစ်ကြောင်းလှုပ်ရှားမှုတော့ ရှိပါတယ် မြေပြင်အသေးစိတ်အခြေအနေတော့ မသိရသေးပါဘူး” လို့ RCSS ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစိုင်းခမ်းစံက CJ Platform ကိုပြောပါတယ်။

 

ရှမ်းပြည်တောင်ပိုင်းမှာ SSPP တပ်ရှိတဲ့နေရာတွေ ခပ်များများမှာ UWSA ရဲဘော်တွေနဲ့ တွဲဖက်တပ်ထိုင်တာ တပ်လှုပ်ရှားနေတယ်လို့သိရပြီး စစ်ကောင်စီနဲ့ UWSA ပူးပေါင်းတပ်တို့ အင်အားတွေ ဖြည့်တင်းနေတာကြောင့် နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေဆဲပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ ပြည်သူလူထုကို မထိခိုက်ဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားသွားဖို့ရှိပြီး ပြည်သူတွေကို ထိခိုက်စေတဲ့ ရွာအနီးအနားတိုက်ပွဲတွေ မလုပ်ဖို့ တိုက်တွန်းလိုပါတယ်လို့လည်း ဗိုလ်မှူးစိုင်းခမ်းစံက CJ Platform ကိုထပ်မံပြောကြားပါတယ်။

 

မနှစ်က နိုဝင်ဘာ ၂၉ ရက်နေ့ကသျှမ်းပြည်တပ်မတော် SSPP/SSA နဲ့ သျှမ်းပြည်တိုးတက်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြားပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲကြောင်း ထုတ်ပြန်ကြေငြာခဲ့ပြီး ၅ လကျော်အကြာမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

 

ဓာတ်ပုံ – Tai Freedom

 

ပုံစာညွှန်း – RCSS တပ်ဖွဲ့ဝင်များကို မြင်ရပုံ (ပုံအဟောင်း)