ကျဆုံးရဲဘော်အတွက် ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ချီတက်အလေးပြု

Author မင်းထက်
Categories
Published on Apr 18, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့မှ ကျဆုံးရဲဘော်တစ်ဦးဖြစ်သူ မှတ်တမ်းရေးရာတာဝန်ခံ ရဲဘော် အောင်ခေတ်မာန် ကျဆုံးခြင်း တစ်နှစ်ပြည့်အနေဖြင့် ၄င်း၏ အုတ်ဂူသို့သွားရောက်ကာ ကျန်ရစ်သူ ရဲဘော်ရဲဘက်များက ချီတက်အလေးပြုခဲ့ကြောင်း ယင်း သမဂ္ဂအဖွဲ့တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ကျဆုံး ရဲဘော် အောင်ခေတ်မာန် သည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ၀က်လက်မြို့နယ် မူးမြစ်အတွင်း သင်္ကြန် ရေကစားရင်း ရေနစ်သည့် ကျောင်းသားရဲဘော်များနှင့် ပြည်သူတချို့ကို ကယ်တင်စဉ် အသက်ပေးလှူခဲ့ရခြင်း ဖြစ်သည်။

 

” သင်္ကြန်မှာ ရေကစားရင်း နစ်နေကြတာဗျ၊ အဲ့ဒါကိုဝင်ကယ်တာဗျ ၊ အဲ့မှာ သူပါ ရေနစ်သေဆုံးခဲ့ရတယ်” ဟု ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့၀င်တဦးက ပြောသည်။

 

ကျဆုံးရဲဘော်အောင်ခေတ်မာန် ၏ တနှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့က ၄င်း၏ အုပ်ဂူဆီကိုသွားရောက် ချီတက်အလေးပြုခဲ့ကြောင်း ၊ ထိုသို့ ချီတက်အလေးပြုကြစဥ် ကျန်ရစ်သူရဲဘော်ရဲဘက်များက လွမ်းသူ့ပန်ခွေဖြင့်ဂါရဝ ပြုခြင်း ၊ ရဲဘော်အောင်ခေတ်မာန် အား ဦးညွတ်အလေးပြုခြင်း ၊ ဝမ်းနည်းခြင်းအထိမ်းမှတ် အဖြစ် ၁ မိနစ်ခန့် ငြိမ်သက်ခြင်း ၊ ကဗျာရွတ်ဖက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရဲဘော်အောင်ခေတ်မာန် သည် စစ်အာဏာသိမ်းမှုစတင်သည့် အချိန်မှ စ၍ ကွယ်လွန်သည့်အချိန်ထိ စစ်အာဏာရှင်စနစ်ကို တစိုက်မတ်မတ် တွန်းလှန်တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားရဲဘော်တစ်ဦးဖြစ်လည်း သိရသည်။

 

ဓာတ်ပုံ – ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့