လွတ်ငြိမ်းတွင်ပါလာသည့် KBC ဥက္ကဋ္ဌဟောင်း နေ့မကူးမီ ပြန်ဖမ်းခံရ

Author ဝက်ဝံနက်
Categories
Published on Apr 18, 2024

စစ်ကောင်စီ၏ နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ကချင်နှစ်ခြင်းခရစ်ယာန်အသင်း(KBC) ဥက္ကဋ္ဌဟောင်းသည် နေ့မကူးမီ ပြန်လည်ဖမ်းဆီးခံရကြောင်း KBC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဒေါက်တာ ဆလမ်ဆမ်ဆွန်ကို ဧပြီလ ၁၇ ရက်(ယမန်)နေ့ ညပိုင်းတွင် ‘ခဏ’ ဟုဆိုကာ စစ်ကောင်စီတပ်သားအများအပြားဖြင့် လာရောက်ခေါ်ဆောင်ခြင်းခံရသော်လည်း CJ Platform က ယနေ့ မွန်းလွဲပိုင်းတွင် KBC သို့ ဆက်သွယ်မေးမြန်းချိန်အထိ အိမ်ပြန်မရောက်သေးပေ။

 

“မနေ့(ဧပြီ ၁၇)ည ၁၁ နာရီလောက်က စစ်ကားတွေနဲ့ရောက်လာတယ်။ စစ်သားတွေလည်း အများကြီးပဲ။ လာခေါ်သွားတာ။ ကျွန်တော်တို့က မေးတော့ မေးစရာလေးရှိလို့ ခဏခေါ်တာ။ ပြီးရင် ပြန်လွှတ်ပေးမယ်ဆိုပြီးပြောတယ်။ ဒါပေမဲ့ ဒီနေ့ထိတော့ ပြန်ရောက်မလာသေးဘူး” ဟု ၎င်းက ထပ်ပြောသည်။

 

အကျဉ်းသား/သူ ၃၃၀၀ ကျော် လွှတ်ပေးခဲ့သည့် စစ်ကောင်စီ၏ ယခုနှစ် နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားထောင်မှ နံနက်ပိုင်းတွင် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ဆလမ်ဆမ်ဆွန်ပြန်လွတ်လာသော်လည်း နာရီပိုင်းအကြာ နေ့မကူးမီ ည ၁၁ နာရီတွင် ပြန်လည်ဖမ်းဆီးခံရခြင်းဖြစ်သည်။

 

ဒေါက်တာ ဆလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံသို့ သွားရောက်ရန် မန္တလေး လေဆိပ်တွင် လေယာဉ်စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် ထောင်သွင်းအကျဉ်းချခံရသည်။

 

သိက္ခာတော်ရ ကချင်ဘာသာရေးခေါင်းဆောင်သည် မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင် ၆ နှစ်အထိ  ၂၀၂၃ ဧပြီလတွင် ချမှတ်ခဲ့ပြီး  မြစ်ကြီးနား အကျဉ်းထောင်တွင် ချုပ်နှောင်ခံခဲ့ရသည်။

 

ဓာတ်ပုံ – KBC