နေပြည်တော်တွင် ဝေဟင်၊ မြေပြင် အန္တရာယ်ကင်းပရိတ်ရွတ်

Author ကိုထားဝယ်
Categories
Published on Apr 18, 2024

တော်လှန်ရေးအင်အားစုများ အမဲဖြတ်လိုနေကြသော နေပြည်တော်တွင် အန္တရာယ်ကင်းဘေးရှင်းသည့် ပရိတ်တရားတော်များ ယမန်နေ့ နှစ်ဆန်း ၁ ရက်နေ့ နံနက်ပိုင်းက ဝေဟင်၊ မြေပြင်တို့မှတစ်ဆင့် သံဃာတော်များက ရွတ်ဖတ်ခဲ့ကြသည်။

နေပြည်တော်ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက်မှ ဆရာတော် ခြောက်ပါးက စစ်ရဟတ်ယာဉ်ဖြင့် နေပြည်တော်ဝေဟင်၌ လှည့်လည်ရွတ်ဖတ်ခဲ့ကြသည်။

 

မြေပြင်နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားနာယူပွဲကို နှစ်စဉ်ကျင်းပနေကျ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုံး၊ ငုရွှေဝါခန်းမတွင် ဧပြီ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ၌ ပြုလုပ်ခဲ့သည်။

 

နေပြည်တော် တပ်ကုန်းမြို့နယ်၊ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏနှင့် လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတတို့အမှူးပြုသော ဆရာတော်သံဃာတော်များက ရွတ်ဖတ်ပေးခဲ့ကြသည်။

စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးတို့အပါအဝင် စစ်ကောင်စီလက်အောက်ခံများ တက်ရောက်ခဲ့ကြသည်ဟု စစ်ကောင်စီ ဝါဒဖြန့်သတင်းစာက ထုတ်ပြန်သည်။

 

“လမ်းများအားလုံး နေပြည်တော်သို့” ဟူသည့် စီမံကိန်းဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်များစုဝေးရာ နေပြည်တော်ကို တိုက်ခိုက်မှုတိုးမြှင့်ရန် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း နေပြည်တော် စစ်ရုံးချုပ်ကို ဒရုန်းများဖြင့်လည်းကောင်း၊ အေလာ လေဆိပ်ကို ဒရုန်းအပြင် ရှော့တိုက်ဒုန်းများဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

နေပြည်တော်တွင်ရှိသည့် စစ်ရေးပစ်မှတ်များကို ဘက်ပေါင်းစုံ၊ နေရာပေါင်းစုံမှ တိုက်ခိုက်သွားရန်ရှိသည့်အတွက် စစ်အုပ်စုပစ်မှတ်များနှင့် ဝေးဝေးနေပြီး လုံခြုံရေးသတိဖြင့် တော်လှန်ရေးတွင် ပါဝင်ရန် ဒေသခံများကို တိုက်တွန်းလိုသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဦးမောင်မောင်ဆွေက မြန်မာနောင်းသတင်းဌာနသို့ ပြောကြားထားသည်။ ဧပြီ ၄ ရက် တော်လှန်ရေးအင်အားစုများ၏ ဒရုန်းတိုက်ခိုက်မှုအပြီး မြန်မာနောင်းသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

ဧပြီ ၄ ရက် နံနက်ပိုင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုံးထိုင်ရာ စစ်ရုံးချုပ်နှင့် အေလာလေဆိပ်တို့ကို အဝေးထိန်း ဒရုန်း ၃၅ စင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုအထဲ စစ်ရုံးချုပ်သို့ ပစ်လွှတ်သည့် အစင်း ၂၀ တွင် ၁၆ စင်းကျရောက်ပေါက်ကွဲခဲ့ပြီး အေလလေဆိပ်ထဲသို့ ၁၅ စင်းပစ်လွှတ်ခဲ့ရာတွင် ၁၃ စင်း ပေါက်ကွဲခဲ့သည်ဟု စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့်တော်လှန်ရေးအင်အားစုများဘက်က ထုတ်ပြောခဲ့ကြသည်။

 

စစ်ကောင်စီဘက်ကလည်း ဧပြီ ၄ ရက်နေ့က ဒရုန်း ခုနစ်စင်း ပစ်ချနိုင်သည်ဟု ထုတ်ပြန်သကဲ့သို့ နောက်ရက် ဧပြီ ၅ ရက်တွင် ဒရုန်း နှစ်စင်းထပ်မံပစ်ချနိုင်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာများနှင့် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

 

ထို့နောက် ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၄၅ ခန့်က အေလာလေတပ်စခန်းအတွင်းသို့ ၁၀၇(မမ)ဗုံးသီး ခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိ ငါးဦး၊ တပ်သား ၁၂ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရသည့်အပြင် ဂျက်ဖိုက်တာလေယဉ်တစ်စင်း၊ စစ်ကားသုံးစီး၊ အဆောက်အအုံများ၊ ပရိဘောဂပစ္စည်းအများအပြားပျက်စီးကြောင်း တပ်အတွင်းသတင်းအရ စုံစမ်းသိရှိခဲ့ရသည်။

 

ဓာတ်ပုံ – ကြေးမုံ

 

Related News

Depend on news