ဝေဟင်/မြေပြင် သာလွန်အင်အားသုံးပြီး မြဝတီမြို့ကို ပြန်သိမ်းရန် စစ်ကောင်စီ လုပ်ဆောင်နေ

Author လင်းနွေဦး
Categories
Published on Apr 18, 2024

တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်ထားသည့် ကရင်ပြည်၊ မြန်မာ-ထိုင်း နယ်စပ်မြို့ မြဝတီကို ပြန်လည်ရယူရန် စစ်ကောင်စီမှ လေကြောင်းမှ အဆက်မပြတ်တိုက်ခိုက်ခြင်းအပြင် မြေပြင်စစ်ကူပို့ပေးခြင်းများပြုလုပ်နေကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များက CJ Platform သို့ပြောသည်။

 

မြဝတီမြို့အနီးရှိ နောက်ဆုံးကျန်ရှိသော မြို့စောင့်တပ် ခလရ(၂၇၅)ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မြဝတီမြို့ကို ထိန်းချုပ်ထားသည်။

 

ထို့ကြောင့် စစ်ကောင်စီဘက်က ‘အောင်ဇေယျ’ အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ဖော်ဆောင်ကာ ဝေဟင်၊ မြေပြင် သာလွန်အင်အားများဖြင့် တိုက်ခိုက်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။

 

“ခလရ (၂၇၅) ကိုသိမ်းပြီး မြဝတီကို ထိန်းနိုင်ပြီလို့ပြောလို့ရမယ့် ဧပြီ ၁၁ ရက်နေ့ ညကတည်းက နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာ။ ရဟတ်ယာဉ်တောင် သိပ်မသုံးတော့ဘူး။ ကင်းထောက်လေယာဉ်လိုမျိုး အရင်လာပြီး မကြာဘူး။ ဂျက်ဖိုက်တာတွေနဲ့ ဗုံးလာကြဲတာ။ တစ်ရက်ကို အနည်းဆုံး နှစ်ခေါက်က အသာလေး” ဟု မြေပြင် KNLA အထူးတပ်ဖွဲ့ဝင် ရဲဘော် တစ်ဦးက CJ Platform သို့ပြောသည်။

 

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့်အပြင် စစ်ကောင်စီအတွက်အကျိုးစီးပွားများစွာရှိသည့် မြဝတီမြို့ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် ဧပြီလ ၁၂ ရက်နေ့မှစတင်၍ စစ်ကောင်စီဘက်က သံချပ်ကာကားများအပါအဝင် သာလွန်အင်အားများဖြင့် ကော့ကရိတ်မြို့သို့ စစ်ကြောင်းပုံစံချီတက် ရောက်ရှိနေခဲ့သည်။

 

စစ်ကောင်စီတပ်များသည် ထို့ကော်ကိုး တောလမ်းပိုင်း(ဖြတ်လမ်း)၊ ပိုင်ချုံလမ်း၊ ကျုံဒိုးလမ်းများသို့ နေရာယူ တပ်ဖြန့်မှုများလုပ်ဆောင်ကာ လမ်းကြောင်းများခွဲ၍ မြဝတီမြို့သို့ သွားရောက်စစ်ကူပေးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

 

KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက မြဝတီသို့ သွားရောက်မည့် စစ်ကောင်စီစစ်ကြောင်းများကို ကြားဖြတ်ခုခံတိုက်ခိုက်နေသဖြင့် ရှေ့သို့ ဆက်မသွားနိုင်ဘဲ လမ်းခရီးတွင် တိုက်ပွဲများ ပြင်းထန်ကာ ကော့ကရိတ်မြို့ တောင်ခြေအနီးနှင့် ဒေါနတောင်တန်းများအနီးတွင်သာ တပ်များရပ်တန့်နေသည်ဟု မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

“သူတို့ရှေ့ဆက်တက်လို့မရနေဘူး။ လမ်းမှာ အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာ အထိနာတော့ လေကြောင်းသုံးတယ်။ လက်နက်ကြီးတွေ ရမ်းပစ်တယ်။ ရွာသားတွေကို ဖမ်းတာ။ လူသားဒိုင်းပုံစံလုပ်တာတွေရှိတယ်။ ခုထိတော့ ကျွန်တော်တို့ဘက်က တားထားနိုင်တုန်းပဲ” ဟု မြေပြင် KNLA အထူးတပ်ဖွဲ့ဝင်က CJ Platform သို့ပြောသည်။

 

ယခုလက်ရှိတွင် စစ်ကောင်စီမှ သာလွန်အင်အားများအသုံးပြု၍ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေမှုကြောင့် မြို့ပြင်တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ မြို့တွင်းထိ ကူးစက်ပျံနှံ့လာမည်ကိုစိုးရိမ်သဖြင့် မြို့ခံများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတိပေးမှုများ အွန်လိုင်းတွင် ထွက်ပေါ်နေသော်လည်း မြို့တွင်းတွင်ပုံမှန်သွားလာမှုများ ပြုလုပ်ဆဲဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

 

ဓာတ်ပုံ – KNU

 

Related News

Depend on news