ကလေးမှာ စက်သုံးဆီ ဝယ်မရဖြစ်နေ

Author ဆလိုင်း
Categories
Published on Aug 01, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ယနေ့ ဩဂုတ်လ ၁ ရက်နေ့ကစလို့ စက်သုံးဆီပြတ်လပ်နေတာကြောင့် ဝယ်မရဖြစ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့အထိ​ ဓာတ်ဆီ တစ်လီတာ ၁၀,၀၀၀ ကျပ်နဲ့ ရောင်းချပေးနေပေမဲ့ ယနေ့ ဩဂုတ်လ ၁ ရက်နေ့မှာတော့ စက်သုံးဆီအရောင်းဆိုင်တွေအပြင် လမ်းဘေးမှာ ရေသန့်ဘူးဖြင့် ရောင်းချနေတဲ့ ဆိုင်တွေမှာလည်း ဝယ်ယူလို့မရတော့ဘူးလို့ ဆိုပါတယ်။

 

ကလေးမြို့က တချို့ စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ စက်သုံးဆီတွေ လက်ကျန်ရှိပေမဲ့ မရောင်းချပေးတော့ဘဲ သိမ်းဆည်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အရင်ရက်တွေက ဓာတ်ဆီတစ်လီတာ ရှစ်ထောင်ကနေ တစ်သောင်းထိ တက်သွားတယ်။ အခု စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ ပြတ်လပ်လာလို့ လမ်းဘေးက စျေးဆိုင်တွေမှာလည်း ဝယ်လို့မရတော့ဘူး။ တချို့ စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ အနည်းငယ်ရှိပေမဲ့ မရောင်းကြတော့ဘူး။ ပိတ်ထားကြတယ်” လို့ ၎င်းက ပြောပါတယ်။

 

ကလေးမြို့မှာ စက်သုံးဆီတွေ ဝယ်ယူလို့မရတာကြောင့် ဆိုင်ကယ်၊ သုံးဘီး၊ ကား စတဲ့ အငှားမောင်းသူတွေနဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေ အခက်တွေ့နေရတယ်လို့ သုံးဘီးအငှားလိုက်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“တစ်နေ့လုပ်မှ တစ်နေ့စားရတာဖြစ်ပါတယ်။ အခု သုံးဘီးအငှားလိုက်ဖို့ ဓာတ်ဆီဝယ်လို့မရတော့ဘူး။ အရင်ရက်တွေက ရပ်ကွက်လမ်းဘေးစျေးဆိုင်တွေမှာ ရှာဖွေပြီး စျေးကြီးပေး ဝယ်လို့ရတယ်။ ဒီနေ့တော့ ငွေရှိပေမဲ့ ဘယ်မှဝယ်မရတော့ဘူး” လို့ ၎င်းက ပြောပါတယ်။

 

ကလေးမြို့ကို ကုန်စည်တင်ပို့တဲ့ မဟာမြိုင်လမ်းကို တော်လှန်ရေးတပ်ဖွဲ့တွေက နှစ်လကြာပိတ်ထားပြီးနောက် ပြီးခဲ့တဲ့အပတ်ထဲ ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ ကလေးမြို့မှာ ဓာတ်ဆီတွေ ပြတ်လပ်လာတာဖြစ်ပါတယ်။

 

ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာတော့ ဇူလိုင်လနှောင်းပိုင်းကစလို့ စက်သုံးဆီပြတ်လပ်မှုနဲ့ ပြန်လည်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

 

ဒီကနေ့ ဩဂုတ် ၁ ရက်အထိ မပြေလည်တဲ့အပြင် ပိုမိုဆိုးရွားလာပြီးနောက် နယ်ဒေသက စက်သုံးဆီဆိုင်တွေမှာ ဆီထုတ်မရောင်းပေးတာမျိုးတွေနဲ့ ဒေသခံတွေ ရင်ဆိုင်လာရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ- ကလေးမြို့က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဥ်