မင်္ဂလာဒုံမှာ YBS နဲ့ စက်ရုံဖယ်ရီကားမျက်နှာချင်းဆိုင်တိုက်၊ တစ်ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ရွှေညောင်ပင်မှတ်တိုင်အနီးမှာ ယမန်နေ့ ဇူလိုင် ၃၁ ရက် ည ၇ နာရီခန့်က YBS ၃၅ နဲ့ စက်ရုံဖယ်ရီကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။
အဲဒီမှာ ဖယ်ရီယာဉ်မောင်း ဆေးရုံပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားတဲ့အပြင် စက်ရုံဝန်ထမ်း ၃၀ ဦးနဲ့ YBS ၃၅ ပေါ်က အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဖယ်ရီကားယာဉ်မောင်းက ညပ်နေတာ။ ကားကလည်း တော်တော်စုတ်ပြတ်သွားတယ်။ ဆေးရုံပို့နေစဉ်မှာပဲ သေဆုံးသွားတာပါ။ စက်ရုံဝန်ထမ်းက အနောက်ကလိုက်လာတာ အယောက် ၃၀ လောက်ရှိမယ်။ ဒဏ်ရာရကြတာတော့ သိပ်မပြင်းထန်ကြပါဘူး။ နောက်ပြီး YBS ၃၅ ပေါ်က အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရသွားတယ်” လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရသူတွေကို အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၆ နာရီခန့်ကလည်း မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမ ကျောက်ပုန်းကျေးရွာအနီးမှာ ခရီးသည်တင် Hilux ယာဉ်နဲ့ Hijet ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိလို့ နှစ်ဦးသေဆုံးပြီး၊ ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်ကလည်း ရွှေပြည်သာမြို့နယ်မှာ ယာဉ်သုံးစီးဆင့်တိုက်လို့ မင်္ဂလာဆောင်ဖိတ်စာလိုက်ဝေတဲ့ သတို့သမီးနဲ့ သူငယ်ချင်းတို့သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့