စစ်ကိုင်းမြို့ရှိ မန္တလေး-မုံရွာလမ်းပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဓားစာခံအဖြစ် အရပ်သား ၃၀ ကျော်ဖမ်းဆီးထားလို့ဆို
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာလမ်းဘေးက နုံးတွင်းရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းမှာ ဓားစားခံအဖြစ် အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်များက CJ Platform သို့ ပြောပါတယ်။
အဲဒီဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူတွေက ဖြတ်သန်းသွားလာသူများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခြင်းများ ပြုလုပ်နေပြီး စစ်ကိုင်းမြို့နယ်ထဲ အစစ်အဆေးအကြမ်းဆုံးနဲ့ ငွေကြေးကောက်ခံမှုအများဆုံးဂိတ်တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် အဲဒီဂိတ်စခန်းနဲ့ အနီးကျေးရွာတွေထံ စစ်ကြောင်း၀င်ရောက်ရင်း ဒေသခံတွေကို ဖမ်းဆီးတာတွေရှိတယ်လို့ သိရပါတယ်။
ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီခန့်က အနီးက လယ်ကြီးကျေးရွာကို အဲဒီစစ်ကြောင်းက ရုတ်တရက်ပစ်ခတ်ဝင်ရောက်ပြီးနောက် ဒေသခံပြည်သူ ၁၁ ဦးခန့်ဖမ်းဆီးခဲ့သလို ဇူလိုင် ၂၅ ရက်နေ့က ညောင်ဝန်းရွာက ၁၈ ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
“နုံးတွင်းကဖမ်းတာရယ်၊ လယ်ကြီးနဲ့ သုံးလေးရက်ခွာပြီး တလောက ညောင်ပင်၀န်းဘက်က ၁၈ ယောက်၊ ညောင်ပင်၀န်းအနီးက တံတားဦးရွာကနှစ်ယောက်၊ ပြီးတော့ လမ်းသွားလမ်းလာ တစ်ယောက် ဖမ်းထားတာ သတင်းရတယ်။ ပြီးတော့ ဆားတောင်က စခတွေနဲ့ နုံးတွင်းနဲ့ အရာရှိပိုင်း အပြောင်းအလဲ လုပ်တယ်လို့လည်းသိရတယ်” လို့ စစ်ကိုင်းမြို့နယ်မှ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။
အကြောင်းမဲ့ဖမ်းဆီးထားသူတွေကို စစ်ကောင်စီတပ်သားတွေက သူတို့တပ်စွဲထားတဲ့ နုံးတွင်းကျေးရွာတပ်စခန်းမှာ ထိန်းသိမ်းထားပြီး ယနေ့ သြဂုတ်လ ၁ ရက်နေ့အထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။
နုံးတွင်းဂိတ်မှာ ယခုနှစ်ဇွန်လအတွင်း ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူအမျိုးသားတစ်ဦးကတော့ အဲဒီစခန်းအတွင်း မထင်ရင်မထင်သလိုရိုက်နှက် စစ်ဆေးတာတွေရှိတယ်လို့ သူ့ရဲ့အတွေ့အကြုံကို ပြောပါတယ်။
“ကျွန်တော့်တုန်းက မီးဘေးသင့်တွေ လှူပေးဖို့ သူငယ်ချင်းတစ်ယောက်က လှမ်းပြောတဲ့စာတွေ့လို့ ဖမ်းခဲ့တာ။ ဒီစာလေး သုံးလေးကြောင်းတွေ့ပြီး ဖမ်းတယ်။ တစ်ည ထိပ်တုံး ခတ်ထားပြီး ပြန်လွှတ်လိုက်တာ။ အနီးအနားတော့ ရိုက်နှက်ထားတာ စုတ်ပြတ်နေတာတွေရှိတယ်။ ကျွန်တော့်တုန်းကလည်း သက်သက်ကြီး မူးနေတဲ့ကောင်က လာပြီး ပါးပိတ်ရိုက်သွားသေးတာ” လို့ ၎င်းက ပြောပါတယ်။
နုံးတွင်းကျေးရွာဟာ မန္တလေး – မုံရွာ လမ်းမကြီးဘေးမှာတည်ရှိတဲ့ ရွာဖြစ်တာကြောင့် အချက်အချာကျပါတယ်။
အဲဒီစစ်ကောင်စီဂိတ်ကနေ လမ်းပိုင်းအသုံးပြုတဲ့ ကားများထံ ဆက်ကြေးကောက်ခံခြင်းတွေအပြင် ဖြတ်သန်းသွားလာသူတွေကို ဓားစာခံအဖြစ်ဖမ်းဆီးခြင်းတွေပါ လုပ်ဆောင်နေတဲ့ စစ်ကောင်စီအထိုင် စစ်ဆေးရေးဂိတ်စခန်းတစ်ခုဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်