အာဏာသိမ်း သုံးနှစ်ကျော်မှာ သုံးကြိမ်ဆက် စက်သုံးဆီပြတ်နေပြန်
ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ယခုနှစ် ဇူလိုင်နှောင်းပိုင်းကစလို့ စက်သုံးဆီတွေ ပြန်လည်ပြတ်လပ်လာပြန်ပါတယ်။
ဒါကြောင့် စက်သုံးဆီဆိုင်တွေရှေ့မှာ မော်တော်ယာဉ်တွေ နာရီနဲ့ချီကြာအောင် ပြန်လည်တန်းစီလာရပြန်ပါတယ်။
ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့အထိ အဆင်မပြေတဲ့အပြင် ပိုမိုဆိုးရွားလာတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။
လက်ရှိ မော်တော်ကားနဲ့ စက်တပ်ယာဉ်တွေမှာ အဓိက အသုံးပြုတဲ့ အောက်တိန်း 92 နဲ့ 95 တို့ ပြတ်လပ်နေတာဖြစ်ပါတယ်။
“တစ်ခါတန်းစီရင် အနည်းဆုံး သုံးနာရီလောက်ကြာပါတယ်” လို့ ကုမ္ပဏီယာဉ်မောင်းတစ်ဦးက လက်ရှိစက်သုံးဆီတန်းစီရမှုအခြေအနေကို ပြောပါတယ်။
အခုမြင်ကွင်းတွေကတော့ ရန်ကုန်မြို့ ကမ်းနားလမ်း Max ဆီဆိုင်မှာ တန်းစီနေတဲ့မော်တော်ယာဉ်တွေ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၂ ခုနှစ် မေလထဲကစတင်ပြီး စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဒုတိယအကြိမ်ထပ်မံပြတ်လပ်ခဲ့ပြန်ပါတယ်။ အခု ဇူလိုင်နှောင်းပိုင်းစက်သုံးဆီပြတ်လပ်မှုဟာ သုံးနှစ်ဆက်တိုက် ကြုံတွေ့ရခြင်းဖြစ်ပါတယ်။
သတင်းနှင့် ဓာတ်ပုံ- ကိုထက်