ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းသေး၊ အစာကိုယ်တိုင်မစားနိုင်သလို ပုံမှန်မသွားလာနိုင်လို့ စစ်ခေါင်းဆောင်ပြော

Author ကိုထားဝယ်
Categories
Published on Aug 01, 2024

စစ်ကောင်စီရဲ့ ယာယီသမ္မတအဖြစ်မှ အနားပေးခံထားရတဲ့ ဦးမြင့်ဆွေမှာ ကျန်းမာရေးမကောင်းသေးဘဲ အစာကိုင်တိုင်မစားနိုင်သလို ပုံမှန်မသွားလာနိုင်ဖြစ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

 

ယမန်နေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း ဦးစွာပြောကြားခဲ့တာပါ။

 

ဒုဗိုလ်ချုပ်ကြီးဟောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကာလရှည်ခံစားနေရတဲ့ အာရုံကြောအားနည်းခြင်းရောဂါကို အထူးကုပါရဂူကြီးများအဖွဲ့နဲ့ ဆေးကုသမှုခံယူခဲ့ပြီး မျက်စိနှစ်ဖက်လုံးက အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ပေမဲ့ အာရုံကြောအားနည်းရောဂါကို ဆက်လက်ခံစားနေရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

“သူ့ကျန်းမာရေးအခြေအနေက တိုးတက်ကောင်းမွန်လာခြင်းမရှိသေးဘဲ အစားအသောက်စားသုံးခြင်းအပါအဝင် နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှုမရှိသေးဘူး” လို့ ဦးမြင့်ဆွေနေရာ ဝင်ယူထားသူက ပြောပါတယ်။

 

ဒါကြောင့် ယခုနှစ် ဇူလိုင် ၂၂ ရက် ၁၁ နာရီခွဲမှာ ကာ/လုံ လုပ်ငန်းများလုပ်ဆောင်ဖို့ တာဝန်လွှဲပြောင်းခဲ့တာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

ဒါ့အပြင် အခုလို ယာယီသမ္မတတာဝန်လွှဲပြောင်းရယူခြင်းဟာ စစ်အစိုးရဟောင်းပြဌာန်းခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ အညီဖြစ်တယ်လို့ ၎င်းက ပုဒ်မ ၄၁၂၊ ၄၁၇၊ ၄၁၈၊ ၄၁၉ တို့ကိုချိတ်ဆက်ပြီး ပြောကြားသွားခဲ့ပါသေးတယ်။

 

ဒီမိုကရေစီလိုလားတဲ့ ဥပဒေပညာရှင်အသိုင်းအဝိုင်းကတော့ အာဏာသိမ်းမှုအပါအဝင် အခုလို တာဝန်လွှဲပြောင်းရယူမှုတွေဟာ ဘယ်ဥပဒေနဲ့မှမညီဘူးလို့ မှတ်ချက်ပေးပြောကြားကြပါတယ်။

 

မနေ့က ကာ/လုံ အစည်းအဝေးမှာ ကနဦးရည်ရွယ်ချက်အတိုင်း စစ်ကောင်စီအာဏာကို ခြောက်လတိုးမြှင့်ခဲ့ကြပါတယ်။

 

ဒါ့အပြင် NUG ၊ CRPH ၊ PDF တို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း ရဟန်း/သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ရတဲ့အပြင် ပညာရေး/ကျန်းမာရေးနဲ့ နေအိမ် ၁၀,၉၃၀ လုံးပျက်စီးခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီရဲ့ ဒို့တာဝန်အရေးသုံးပါးကို လက်ခံတယ်လို့ပြောပြီး အခုတော့ ချိုးဖောက်နေတယ်လို့ စစ်မျက်နှာတိုင်းမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ခေါင်းဆောင်က ပြောပါတယ်။

 

ကာ/လုံအစည်းအဝေးကျင်းပတဲ့ ယမန်နေ့မှာပဲ ရှမ်းမြောက်က မိုးမိတ်မြို့ကို တအာင်းတပ် TNLA ထံ လက်လွှတ်ခဲ့ရပြီး ဒါဟာ သုံးနှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်း ၇၃ မြို့မြောက်အဖြစ် လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

Related News

Depend on news