Facebook ၊ YouTube စတဲ့ လူမှုကွန်ရက်မှာရှိတဲ့ စစ်အုပ်စုရဲ့ဝါဒဖြန့်အကောင့်တွေ ထပ်မံဖယ်ရှားခံရ
စစ်အုပ်စုလက်အောက်ခံနဲ့ သူတို့ထောက်ခံသူတွေ အသုံးပြုဝါဒဖြန့်နေတဲ့ လူမှုကွန်ရက်အကောင့်တွေကို နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Twitch ၊ Facebook ၊ YouTube နဲ့ MediaFire တို့က ဖြုတ်ချဖယ်ရှားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးလုပ်ဆောင်မှုတွေကို စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့က ဝါဒဖြန့်ချိရေးအကောင့်မျိုးစုံနဲ့ အဓိကလုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုဝါဒဖြန့်အကောင့်တွေကို ဖယ်ရှားပေးဖို့အတွက် JFM က နည်းပညာကုမ္ပဏီတွေထံ စာရေးသားပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ထားတာကြောင့် ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေ လိုက်နာဆောင်ရွက်ဖို့နဲ့ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းတွေအပေါ် စိုးရိမ်မှုရှိကြောင်း JFM နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဖိအားပေးတောင်းဆိုမှုတွေရှိခဲ့တာကြောင့် အခုလို စစ်အုပ်စုထိန်းချုပ် ဝါဒဖြန့်အကောင့်အများစုကို နည်းပညာကုမ္ပဏီကြီးတွေက ဖြုတ်ချဖယ်ရှားခဲ့တာလည်း ဖြစ်ပါတယ်။
“ဝါဒမှိုင်းဖြန့်ချိရေးက စစ်အုပ်စုရဲ့အကြမ်းဖက်စစ်ဆင်ရေးမှာ ဒေါက်တိုင်တစ်ခုဖြစ်ပြီး၊ နည်းပညာကုမ္ပဏီကြီးတွေကြောင့် စစ်အုပ်စုက ဝါဒဖြန့်ချိရေးတွေ ဆက်လက်ဖြန့်ဖြူးနိုင်တာဖြစ်ပါတယ်။ အခုလို ဖြုတ်ချဖယ်ရှားခြင်းဟာ လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး၊ သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်”လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း ပြောပါတယ်။
စစ်အုပ်စုက သူတို့ကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာချိန် လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှု စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်နေသလို ရွေးကောက်ပွဲဝါဒဖြန့်ချိမှုတွေကိုလည်း ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။
စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုနဲ့ ထောက်ခံသူတွေကို နည်းပညာကုမ္ပဏီကြီးတွေအနေနဲ့ သက်ဆိုင်ရာပလက်ဖောင်းနဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ပေးနေတာမျိုးဟာ လက်ခံနိုင်စရာမရှိသလို ကျန်ရှိနေသေးတဲ့ ဝါဒဖြန့်အကောင့်တွေကိုလည်း ဖျက်သိမ်းဖို့ အရေးတကြီးလိုအပ်တယ်လို့ မရတနာမောင်က ဆက်ပြောပါတယ်။
၂၀၁၈ ခုနှစ်နောက်ပိုင်းကလည်း Facebook လူမှုကွန်ရက်စံနှုန်းတွေကို ကျူးလွန်ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုကာ စစ်တပ်ဝါဒဖြန့်အကောင့်ဒါဇင်နဲ့ချီကို Facebook က ဖယ်ရှားခဲ့ပြီးနောက် ဆက်တိုက်ဖြုတ်ချဖယ်ရှားမှုတွေရှိနေသလို စစ်တပ်ဝါဒဖြန့်၊ လှုံ့ဆော်တဲ့အကောင့်တွေနဲ့ မသင်္ကာဖွယ်အကောင့်တွေကို ဖယ်ရှားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ Facebook က အခု ၂၀၂၅ ဖေဖော်ဝါရီမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါသေးတယ်။
ဝါဒဖြန့်ချိရေးတွေ လုပ်ဆောင်ဖို့နဲ့ စောင့်ကြည့်ဖို့အတွက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ စစ်အုပ်စုက မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတစ်ခုကို ဖွဲ့စည်းခဲ့ပြီးနောက် ဝန်ထမ်းအင်အား ၅၀ ဝန်းကျင်နဲ့ စတင်လည်ပတ်ခဲ့သလို သတင်းတွေကို စောင့်ကြည့်ပြီး တုံ့ပြန်ရေးသားဖို့နဲ့ ဝါဒဖြန့်ဖို့အတွက် လုပ်ဆောင်မှုတွေလည်း ရှိနေပါတယ်။
ဓာတ်ပုံ – JFM
ပုံစာ – စစ်အုပ်စုရဲ့ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများ
