သီပေါမြို့ထဲ ကျားဖြန့်လုပ်ကိုင်နေသူတွေကို SSPP/SSA က လုံခြုံရေးယူပေးထားတယ်လို့ စစ်အုပ်စု စွပ်စွဲ

Author CJ Platform
Categories
Published on Dec 18, 2025

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ပန်စင်ရွာအနီးက အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်) လုပ်ကိုင်နေသူတွေကို စစ်အုပ်စုက ဝင်ရောက်စီးနင်းချိန် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်က(SSPP/SSA) လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက ဒီနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပန်စင်ရွာအနီးမှာ ယာယီမိုးကာတဲ ၁၇ လုံးနဲ့ အခြေချပြီး ကျားဖြန့်လုပ်ကိုင်နေတဲ့နေရာကို စစ်အုပ်စုက မနေ့ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းချိန် အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ကာ SSPP/SSA တပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဝင်ရောက်စီးနင်းမှုအတွင်း SSPP/SSA တပ်သား ၃ ဦးကို AK-47 တစ်လက်၊ M-22 တစ်လက်၊ MK-12 တစ်လက်၊ ပွိုင့်-၂၂ တစ်လက်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပြီး တရုတ်နိုင်ငံသား ၅ ဦးနဲ့ မြန်မာ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘက်စုံသုံးကွန်ပျူတာ ၆ လုံး၊ လက်ပ်တော့အလုံး ၇၀။ ဖုန်းမျိုးစုံ ၁၆၀၊ iPad ၁၀ လုံး၊ Router ၁၀ လုံး၊ Modem Stick ၃၇ခု၊ မီးစက်သုံးလုံး၊ Star Link ၁၉ ခုနဲ့ မော်တော်ယာဉ် ၃ စီးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပြီး အဲဒီနေရာမှာ ကျားဖြန့်လုပ်ကိုင်နေသူ ၂၀၀ ဝန်းကျင်ဟာ ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ကျားဖြန့်လုပ်ကိုင်နေတဲ့နေရာကို SSPP/SSA က လုံခြုံရေးယူ အကာအကွယ်ပေးထားတယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး SSPP သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူတွေကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ကျားဖြန့်နဲ့ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ SSPP/SSA တပ်ဖွဲ့ဟာ စစ်အုပ်စုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး တအာင်းတပ်မတော် (TNLA) လက်လွှတ်ခဲ့ရတဲ့ သီပေါမြို့ကို စစ်အုပ်စုက ထိုးစစ်ဆင်သိမ်းယူချိန် SSPP/SSA က အကူအညီပေးမှုတွေရှိခဲ့တယ်လို့ဆိုကာ ရှမ်းမြောက်တော်လှန်ရေးတပ်ဖွဲ့တွေက ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသ လောက်ကိုင်မှာလည်း ကျားဖြန့်အဖွဲ့ငယ်လေးတွေ အခြေချလုပ်ကိုင်နေကြောင်း ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တွေကနေ သတင်းရရှိထားကြောင်းနဲ့ အတည်ပြုဖို့ လုပ်ဆောင်နေကြောင်း စစ်အုပ်စု ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခု ဒီဇင်ဘာ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါသေးတယ်။

 

စစ်အုပ်စုက စွပ်စွဲပြောဆိုမှုနဲ့ပတ်သက်ပြီး MNDAA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ ကိုနေဝေစိုးက ငြင်းဆိုခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သလို လက်ရှိမှာလည်း လက်ခံထားတာမျိုးမရှိဘူးလို့ CJ Platform ကို ပြောပါတယ်။

 

တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၀၀ ဝန်းကျင်ကိုလည်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က ဆုငွေနဲ့ ဖမ်းဝရမ်းထုတ်ထားသလို သူတို့တွေကို ပြည်ပအင်အားစုတွေက အကူအညီပေးနေတယ်လို့ အခု ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC