ဆည်တောရွာကို လေယာဉ်နဲ့ဗုံးကြလဲလို့ ပြည်သူ လေးဦး သေဆုံး
စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ဆည်တောရွာကို စစ်အုပ်စုက မနေ့က ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၈နာရီခွဲခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တာကြောင့် နေအိမ်ပျက်စီးမှုတွေနဲ့ လူသေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆည်တောရွာအတွင်းကို စစ်အုပ်စုက ပေါင် ၂၅၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ်သုံးလုံး ပျက်စီးခဲ့ရတဲ့အပြင် ဒေသခံတွေဖြစ်သူ ဦးညွှန်ဝေ (အသက် ၇၀ ခန့်) နဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်ကြည် (အသက် ၇၀ ခန့်)၊ ကိုဇေယျာထွန်း (အသက် ၂၅ နှစ်ခန့်) နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ၊ ဘာမှမရှိဘဲပြည်သူတွေအိပ်တဲ့နေရာကိုအကြောင်းမဲ့သက်သက်ကြီးလေ ကြောင်းတိုက်ခိုက်ခဲ့တာပါ” လို့ Wetlet Informational Network ကတာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မနက်ပိုင်း ၁၀ နာရီခွဲခန့်မှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းက သစ်ဆိမ့်ကျေးရွာကို စစ်အုပ်စုက Suicide Drone နှစ်စီးဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ရဟန်းတစ်ပါးနဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတစ်ဦးဆီက သိရပါတယ်။
စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဝက်လက်မြို့နယ်အတွင်းက အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေနဲ့ စစ်ရှောင်တွေရှိရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ၊ မြေပြင်စစ်ကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်တာတွေ ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးသတိပြုနေထိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေကလည်း သတိပေးထားပါတယ်။
ဝက်လက်မြို့နယ်အတွင်းကို ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းကစလို့ တစ်လနီးပါးအကြာ စစ်ကြောင်းထိုးမီးရှို့မှုတွေလုပ်ဆောင်ခဲ့တာကြောင့် ဝက်လက်မြို့နယ်နောက်ခြမ်းရှိ ကျေးရွာ ၂၀ ခန့်က နေအိမ်ရာနဲ့ချီပျက်စီးဆုံးရှုံးခဲ့ကြရပြီး သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
“ စစ်ရှောင်တချို့တော့ ပြန်နိုင်တယ် ၊ သူတို့ ( စစ်အုပ်စု ) ခြေကုပ်ယူထားတဲ့ ရွာသာကြီးနဲ့ ကပ်နေတဲ့ ရွာတချို့တော့မပြန်နိုင်သေးဘူးဖြစ်နေတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး၊ မီးရှို့တာတွေအပြင်လေကြောင်းတိုက်ခိုက်တာတွေကြောင့် တိမ်းရှောင်နေကြရတဲ့ဒေသခံစစ်ရှောင်တွေအနေနဲ့ လူသားစာနာအကူအညီတွေလိုအပ်နေတယ်လို့လည်း ဆက်လက်ပြောပါတယ်။
ဝက်လက်မြို့နယ်ထဲကို စစ်အုပ်စုက ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၁၃ ဦးခန့်သေဆုံးခဲ့ရပြီး ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ – Wetlet Informational Network
