တရုတ်နိုင်ငံရောက်ရှိနေတဲ့ ဂျပန်နိုင်ငံသားတွေ လုံခြုံရေးဂရုစိုက်ကြဖို့ ဂျပန်သံရုံး သတိပေး
တရုတ်နိုင်ငံအတွင်း ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံသားတွေအနေနဲ့ လုံခြုံရေး ဂရုစိုက်ဖို့၊ ကြိုတင်ကာကွယ် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့နဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ကြဉ်ဖို့ ဂျပန်အစိုးရက ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မှာ သတိပေး ပြောကြားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အာရှစီးပွားရေးအင်အားကြီး နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲပြစ်တင်မှု နဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပြီး သံတမန်ရေး တင်းမာနေချိန် ဂျပန်အစိုးရ ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် ကီဟာရာမီနိုရူက ဘေဂျင်းမှာရှိတဲ့ ဂျပန်သံရုံးကို လာရောက်ချိန် အခုလို သတိပေးမှု လုပ်ဆောင်ခဲ့တာပါ။
“သံသယဖြစ်စရာကောင်းတဲ့ လူစုလူဝေးတွေကို တွေ့တဲ့အခါ ကျရင် အဲဒီနေရာတွေကနေ ချက်ချင်း ရှောင်ရှား ကြဖို့ တိုက်တွန်းပါတယ်” လို့ ကီဟာရာက သတိပေး ပြောကြားခဲ့ပါတယ်။
နိုင်ငံတွင်း၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စတွေကို လုပ်ဆောင်တဲ့အခါ ဂျပန်အစိုးရအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်လေ့လာပြီးမှသာ ဆွေးနွေးဆုံးဖြတ်တတ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
ဒါဟာ တရုတ်နဲ့ ဂျပန်ကြား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တင်းမာမှု ဖြစ်ပေါ်နေချိန်၊ နှစ်နိုင်ငံ ခေါင်းဆောင်တွေက သူတို့နိုင်ငံသားတွေကို ခရီးသွားလာရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ပတ်သက်ပြီး အသီးသီး သတိပေးမှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံသားတွေအနေနဲ့ ဂျပန်ကို ခရီးသွားတာမျိုး ရှောင်ကြဉ်ဖို့ တရုတ်အစိုးရကလည်း တိုက်တွန်း ပြောကြားမှုတွေ ပြီးခဲ့တဲ့ တစ်ပတ်က လုပ်ဆောင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို အလည်အပတ် ဝင်ရောက်တဲ့ ခရီးသွားတွေရဲ့ လေးပုံတစ်ပုံ ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို တရုတ်က နိုင်ငံရေးအရ ထိုးနှက်လိုတာလည်း ဖြစ်ပါတယ်။
အခုနှစ်အတွင်း အာရှစီးပွားရေးအင်အားကြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အတင်းမာဆုံး ဖြစ်ပေါ်နေချိန် လာမယ့် နိုဝင်ဘာ ၂၂ ရက် မှာ ကျင်းပဖို့သတ်မှတ်ထားတဲ့ G20 ထိပ်သီးအစည်းအဝေးမှာလည်း တရုတ်–ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိပေမဲ့ လက်ရှိ သံတမန်ရေးကိစ္စနဲ့ပတ်သက်ပြီး သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ အစီအစဉ် မရှိ သေးဘူး။
G20 ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်ဘာ့ဂ်မှာ ကျင်းပဖို့ရှိပြီး အဲဒီအစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် လီချင် တက်ရောက်မှာ ဖြစ်ပြီး ဂျပန်ဘက်ကလည်း ဝန်ကြီးချုပ် ဆာနေးတာကိုင်ချီ တက်ရောက်ဖို့ရှိပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေး တက်ရောက်မယ့်အပြင် တရုတ်ဝန်ကြီးချုပ်အနေနဲ့ ဂျပန်ခေါင်းဆောင်ကို တွေ့ဆုံရန် အစီအစဉ်မရှိဘူး လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း က ပြောဆိုခဲ့ကြောင်း South China Morning Post မှာ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုဟာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက် ပြောဆိုခဲ့သလောက် တင်းမာလာပြီး၊ ထိုင်ဝမ်အရေးမှာ ဂျပန်က အင်အားသုံး ပါဝင်လာပါက စစ်ရေးအရ ကြီးမားတဲ့ ရှုံးနိမ့်မှုတွေ ကို ရင်ဆိုင်ရမယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ဘင် က နိုဝင်ဘာ ၁၄ ရက် မှာ ပြောဆိုခဲ့ပါတယ်။
ဓာတ်ပုံ – Reuters
