ချင်းပြည်တောင်ပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပေမယ့် ပြည်သူတွေ နေရပ်မပြန်နိုင်သေး

Author CJ Platform
Categories
Published on Apr 18, 2025

ချင်းပြည်တောင်ပိုင်း မြို့နယ်အားလုံးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကစပြီး တော်လှန်ရေးတပ်ဖွဲ့အသီးသီးတွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားပေမယ့် ပြည်သူတွေဟာ ဒီနေ့ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

 

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန် စိုးရိမ်နေကြလို့ နေရပ်မပြန်နိုင်ကြတာ ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ မတူပီမြို့မှာ စစ်ကောင်စီကင်းစင်ပြီး တိုက်ပွဲတွေ မရှိတော့ပေမယ့်လည်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ အမြဲရှိနေသေးတော့ မပြန်ရဲကြသေးဘူး။ တချို့ပြန်တဲ့သူတွေတောင် လေကြောင်းရန် စိုးရိမ်နေကြရတယ်။ ဒီလိုအခြေအနေမျိုးမှာ နေရပ်မပြန်နိုင်သေးဘူး။ “လို့ အသက် ၄၀ အရွယ် မတူပီမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါ။

 

ယမန်နေ့ ဧပြီလ ၁၇ရက်နေ့၊ ညနေ ၂ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီက မတူမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်သင်းအုပ် ပါစတာတစ်ဦးအပါအဝင် အရပ်သား ၅ ဦးပြင်းထန်ဒဏ်ရာရရှိပြီး လူနေအိမ်နဲ့အဆောက်အဦးတချို့ပျက်စီးသွားပါတယ်။

 

မြို့တွေကို ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို မကာကွယ်သေးနိုင်တာကြောင့် ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေသေးပြီး ပြည်သူများကလည်း နေရပ်မပြန်နိုင်ကြသေးဘူးလို့ CDF-Mindat ဆီက သိရှိရပါတယ်။

 

“ကျွန်တော်တို့ မြို့ကိုပဲ ထိန်းချုပ်ထားနိုင်သေးတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်အန္တရာယ်အတွက် ပြည်သူတွေကို မကာကွယ်ပေးနိုင်သေးဘူး။ ဒါကြောင့် ပြည်သူတွေကလည်း နေရပ်ပြန်လည်နေထိုင်တာတွေ သိပ်မရှိသေးပါဘူး။”CDF-Mindat တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အခု ဧပြီလထဲမှာ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဓမ္မဆရာတစ်ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံးခဲ့ကာ ၉ ဦးထက်မနည်းဒဏ်ရာရပြီး ခရစ်ယာန် ဘုရားကျောင်းနှစ်ကျောင်းအပါအဝင် လူနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးသွားပါတယ်။

 

အာရက္ခတပ်တော်(AA)ရဲ့ တပ်သားသစ်စုဆောင်းမှု၊ ခရီးသွားလာခွင့် ကန့်သတ်ထားမှုနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်တွေကြောင့် ပလက်ဝမြို့ခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ သူတို့ စစ်ဘေးရှောင်တဲ့ ဟားခါး၊ ရန်ကုန် စတဲ့မြို့တွေနဲ့ အိန္ဒိယနိုင်ငံထဲမှာ တိမ်းရှောင်နေရဆဲလို့ သိရပါတယ်။

 

“ပလက်ဝမှာ စကစ ကင်းစင်းတာ တစ်နှစ်ကျော်ပြီပေါ့နော်။ အခုအချိန်ထိ စစ်ဘေးရှောင်တွေက တစ်ယောက်မှနေရပ်မပြန်နိုင်ကြသေးဘူး။ သူတို့တွေကလည်း ပြန်ချင်ကြပါပြီ။ ဒါပေမဲ့ စကစရဲ့ လေကြောင်းရန်ကို စိုးရိမ်နေကြတယ်။ တစ်ဖက်မှာလည်း AA က စစ်မှုထမ်းသင်တန်းတက်ဖို့ ပြောဆိုလာတာရှိတယ်။ အသွားအလာကန့်သတ်တာတွေရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်ဘေးရှောင်တွေက မပြန်ချင်ကြသေးဘူး”လို့ ပလက်ဝ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြည်တွင်း၊ ပြင်ပ ပလက်ဝစစ်ဘေးရှောင်ပြည်သူ လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ အိမ်ထောင်စု(၄,၀၀၀)ကျော်၊ လူဦးရေ (၂၀,၀၀၀) ကျော်ရှိပြီး မြေပြင်မှာ ဒီထက်ပို အရေအတွက် ပိုများလာနိုင်တယ်လို့ သိရပါတယ်။

 

ချင်းပြည်တောင်ပိုင်းမှာ ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် စတဲ့ မြို့နယ် ၄ ခုရှိတဲ့အနက် ပလက်ဝမြို့နယ်ကို AA က ထိန်းချုပ်ထားပြီး ကျန်တဲ့ မြို့နယ် ၃ ခုကိုတော့ ချင်းညီနောင်(CB) အဖွဲ့က ထိန်းချုပ်ထားပါတယ်။

 

အဲဒီမြို့သိမ်းတိုက်ပွဲတွင်း ဒေသခံပြည်သူတွေဟာ မိမိမြို့နယ်ထဲက ကျေးရွာတွေအပြင် ရန်ကုန်၊ ဟားခါး၊ မန္တလေးနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် စတဲ့ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင် စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – ဆလိုင်း

 

ပုံစာ- ပလက်ဝစစ်ဘေးရှောင်စခန်းတစ်ခုကိုတွေ့မြင်ရစဥ်။

Related News

Depend on news