လားရှိုးကိုဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဝန်ထမ်းတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက လုံခြုံရေးယူပေး

Author CJ Platform
Categories
Published on Apr 18, 2025

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်နဲ့ ဝန်ထမ်းတချို့ ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ စတင်ဝင်ရောက်လာပြီဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ “ဝ” တပ်က ရှေ့ပြေးလုံခြုံရေးယူပေးထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ကိုးကန့်တပ် MNDAA က လားရှိုးမြို့ထဲကနေ ဆုတ်ခွာသွား ပြီးနောက် ဒီကနေ့မှာတော့ စစ်ကောင်စီအဖွဲ့ဝင်တွေ မိုင်းရယ်၊ နမ့်ပေါင် ဘက်ကနေ ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

 

MNDAA ရဲ့ အထူးဒေသ (၁) အဖြစ် အုပ်ချုပ်ခဲ့တဲ့ လားရှိူးမြို့အဝင်လမ်းတွေကို ပိတ်ထားခဲ့ပေမဲ့ နေ့လ,fပိုင်းမှာတော့ လမ်းတချို့ပြန်ဖွင့်ပေးခဲ့ပြီး လားရှိုးမြို့တွင်းဝင်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို “ဝ” တပ် UWSA က ဟိုယဂိတ်ကနေ ပူးတွဲပြီး ရှေ့ပြေးလုံခြုံရေးယူပေးနေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့နဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် လမ်းတွေကို ယာယီပိတ်ထားဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေပြီး MNDAA တပ်တွေအနေနဲ့ လားရှိးမြိုပြင်တွေဖြစ်တဲ့ မယ်ဟန်၊ အေဒီတံတား၊ ဟိုပိတ် နဲ့ မိုင်းရယ်၊ နမ့်ပေါင်တွေဘက်မှာ ပုံမှန်အတိုင်း စခန်းထိုင်မှာဖြစ်ပြီး မြိုပြင်ကနေ ဆုတ်ခွာသွားဖိုတော့ မရှိဘူးလို ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

 

လားရှိုးမြို့ခံတွေအနေနဲ့ စစ်ကောင်စီဝင်ရောက်လာမှာကို စိုးရိမ်မှုတွေရှိခဲ့ပြီး အခုရက်ပိုင်းတွေမှာတွေ မှာတော့ CDM ဝန်ထမ်းတွေ လူငယ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေက မြို့ကနေထွက်ခွာ သွားခဲ့ကြတယ်လို့ သိရပါတယ်။

 

ကိုးကန့်တပ် MNDAA အနေနဲ့ လားရှိုးမြို့ပေါ်ကနေ ဧပြီလ ၂၁ ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာသွားရမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သလို မြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်ကောင်စီက ပြန်လည်အုပ်ချုပ်သွားမှာဖြစ်ပြီး MNDAA တပ်ဖွဲ့တွေကတော့ မြို့ပြင်ကနေ ဝန်းရံထားမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လားရှိးမြို့နဲ့ပက်သက်ပြီး စစ်ကောင်စီရော ကိုးကန်တပ် MNDAA ကပါ ထုတ်ဖော်ပြောဆိုထားခြင်း လုံးဝမရှိသေးပါဘူး။

 

လားရှိုးမြို့ကို စစ်ကောင်စီ ဝင်ရောက်လာပြီး လေယာဉ်အတက်အဆင်းလုပ်လို့ရပြီဆိုပါက တအာင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု အန္တရာယ်ကို များစွာစိုးရိမ်နေကြပါတယ်။

 

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက MNDAA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက် မြို့သိမ်းတိုက်ပွဲအတွင်း လူနေအိမ်များနဲ့ သေဆုံးထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေရှိခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးထိခိုက်မှုတွေနဲ့ ဆုံးရှုံးမှုများစွာ ရှိခဲ့တာပါ။

 

တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က MNDAA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၁၈ ရက်နေ့မှာ နှစ်ဖက် အပစ်အခက်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်တန့်သွားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း ကူမင်းမှာ နှစ်ဖက်တာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှုပျက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လားရှိုးမြို့ပေါ်ကနေ ကိုးကန့်တပ်တွေ ထွက်ခွာခဲ့ပြီး စစ်ကောင်စီကဝင်ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်