မကွေး ဒေါင်းနေအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေ နှိပ်စက်ခံနေရပြီး နှစ်ဦးသေဆုံး  

Author CJ Platform
Categories
Published on Apr 18, 2025

မကွေးတိုင်း မကွေးမြို့ရဲ့ ဒေါင်းနေအကျဉ်းထောင်အနီးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဧပြီလ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့တာနဲ့ ပတ်သတ်ပြီး အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေက ညှင်းပန်းနှိပ်စက်တာကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင် ကော်မတီဝင်တစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

မကွေးမြို့နဲ့ ရေနံချောင်းသွားတဲ့လမ်းမဘေးရှိ ဒေါင်းနေထောင်နဲ့ စစ်ကောင်စီရဲ့ အမှတ် (၂၅) ရဲတပ်ရင်းတို့ ဧပြီလ ၁၃ ရက်နေ့ ညဦးပိုင်းမှာ တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေကို နောက်တစ်နေ့မှာ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ဆိုကာ ထောင်အာဏာပိုင်တွေက အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ချင်စိတ်နဲ့ လာရောက်တိုက်ခိုက်တဲ့ တပ်တွေကို အပြစ်တင်စရာ မရှိပါဘူး။ ပြင်ပမှာ သေနတ်သံကြားတဲ့အခါမျိုးမှာလည်း အတွင်းထဲကလည်း စိတ်တက်ကြွစွာနဲ့ ဒီလိုမျိုး အကျဉ်းဦးစီးနဲ့ ထိတွေ့မှုတွေ ပုံစံဖြစ်သွားတယ်” လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကိုပြောပါတယ်။

 

အကျဉ်းသားတွေအနေနဲ့ အကျဉ်းထောင်အတွင်း ကာလကြာလာတာနဲ့အမျှ ငါတို့ကိုယ်တိုင် အကျဉ်းထောင်တံခါးတွေကို ချိုးဖျက်မှရလိမ့်မယ်လို့ စိတ်တွေဝင်သွားစေနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

မကွေးအကျဉ်းထောင် ထိတွေ့မှုဖြစ်စဉ်အတွင်း အကျဉ်းဦးစီးဝန်ထမ်းများရဲ့ ထောင်ဗူးဝနဲ့ ကင်းမျှော်စင်ကနေ သေနတ်ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မရုံမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် နှစ်ဦး သေဆုံးခဲ့တာဖြစ်တဲ့အပြင် ၅ ဦးခန့် ဆေးကုသမှုခံယူနေရတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

အဲဒီအကျဉ်းထောင်အတွင်း ဗိဿနိုး PDF ခေါင်းဆောင်ဟောင်း ကိုအောင်ခန့်ဦး (ခ) ပါလေးနဲ့ NLD ပါတီက တောင်တွင်းကြီးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် (ခေါ် ) ကိုလှိုင်လှိုင်တို့နှစ်ဦးလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှိပ်စက်ခံနေရတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

 

မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို နဲ့ မကွေးတိုင်းလွှတ်တော် ဥက္ကဌတို့လည်း မကွေးအကျဉ်းထောင် (ဒေါင်းနေထောင်) မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံနေရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Google