ကိုယ်တိုင်စစ်မှုထမ်းချင်လို့ သင်တန်းတက်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချိရေး ရုပ်သံတွေမှာ ဖော်ပြထားတဲ့ စစ်သားအသစ်ဟာ မတရားဖမ်းဆီးခံခဲ့ရသူဖြစ်နေ

စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် (၁၁) စစ်သင်တန်းကျောင်းဖွင့်ပွဲမှာ ကိုယ်တိုင်စစ်မှုထမ်းချင်လို့ စစ်သင်တန်းတက်ရောက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ရုပ်သံဌာနတွေမှာ အင်တာဗျူးဖြေဆိုခဲ့တဲ့ စစ်သားအသစ်ဟာ ကိုယ်တိုင် စစ်သင်တန်းတက်ရောက်ချင်လို့ စာရင်းပေးသွင်းခဲ့သူ မဟုတ်ဘဲ မတရားဖမ်းဆီးပြီး စစ်သင်တန်းကို ပို့ဆောင်ခံခဲ့ရသူဖြစ်တယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။
MRTV ၊ MWD နဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံတွေရဲ့ မတ်လ ၁၇ရက်နေ့ ထုတ်လွှင့်မှု သတင်းတွေထဲမှာ စစ်ကောင်စီရဲ့ အပတ်စဉ် (၁၁) စစ်သင်တန်းကျောင်းဖွင့်ပွဲကို သတင်းတွေကို ဝေဝေဆာဆာ ဖော်ပြခဲ့ပြီး အဲဒီသတင်းတွေမှာ အင်တာဗျူးဖြေခဲ့သူ တပ်သားအသစ် ကိုမြင့်မြတ်အောင်ဟာ သူတို့ရဲ့ သတင်းအင်တာဗျူးမှာ ဖော်ပြခဲ့သလို ကိုယ်တိုင် စစ်မှုထမ်းချင်လို့ သွားရောက်ခဲ့သူ မဟုတ်ဘဲ မတရားဖမ်းဆီးခံရသူ ဖြစ်တယ်လို့ သိရပါတယ်။
“ရွှေရောင်သမိုင်းပရဟိတ အသင်းမှာ အလှူငွေကောက်ခံပြီး ပြန်မသွင်းလို့ဆိုပြီး တိုင်ခံရတာမှာ ၊ တိုင်ခံရသူနဲ့ မြင့်မြတ်အောင်နဲ့က သူငယ်ချင်းတွေမို့ သူ့ကိုပါ ခေါ်စစ်မယ်ဆိုပြီး ဖမ်းသွားပြီးတော့ ပြန်မလွှတ်တော့ဘဲ စစ်ထဲပို့လိုက်တာ”လို့ အဲဒီအကြောင်းကို သိရှိထားသူ ကိုမြင့်မြတ်အောင်ရဲ့ သူငယ်ချင်းဖြစ်သူက CJ Platform ကို ပြောပါတယ်။
ရန်ကုန်မြို့ သမိုင်းမြို့နယ် သမိုင်း(၂) ရပ်ကွက်နေ ကိုမြင့်မြတ်အောင်ဟာ ပရဟိတအသင်းတစ်ခုက အလှူငွေကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးစရာရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်က ခေါ်ဆောင်လို့ ရပ်ကွက်ရုံးကို သွားရောက် ဖြေရှင်းချိန်မှာ နေအိမ်ကို ပြန်မလွှတ်တော့ဘဲ ၁၀ ရက်ကျော် ဖမ်းဆီးထားပြီးနောက်မှာ စစ်မှုထမ်းဖို့ အဓမ္မစေလွှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“သိရသလောက် မတ်လ ၅ရက်နေ့မှာ သူ့ကိုခေါ်သွားပြီးထဲက မိသားစုနဲ့ ပေးမတွေ့တော့တာ၊ မဲပေါက်ထားသူလဲမဟုတ်တော့ သူ့မိသားစုက လိုက်ရွေးသေးတယ် မရဘူး”လို့ ကိုမြင့်မြတ်အောင်ရဲ့ အခြား သူငယ်ချင်းတစ်ဦးကလည်း CJ Platform ကို အတည်ပြုပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး သတင်းဌာနတွေမှာတော့ ကိုမြင့်မြတ်အောင်ဟာ စစ်မှုထမ်းဖို့အတွက် ကိုယ်တိုင် စိတ်ပါဝင်စားလို့ စာရင်းပေးသွင်းပြီး တက်ရောက်ခဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကိုမြင့်မြတ်အောင်ရဲ့ ဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ဖို့အတွက် သူ့ရဲ့မိသားစုတွေကို CJ Platform က ဆက်သွယ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
စစ်မှုထမ်း အပတ်စဉ်(၁၁) အတွက် သမိုင်း (၂)ရပ်ကွက်မှာ မတရားဖမ်းဆီးခံရသူ လူငယ်သုံးဦးရှိပြီး သုံးဦးလုံးဟာ မဲပေါက်ထားသူတွေ မဟုတ်ဘဲ ကိုမြင့်မြတ်အောင်အပြင် နေအိမ်မှာ အရမ်းမူးပြီး ရမ်းကားမိလို့ ရပ်ကွက်ရုံး ပို့ဆောင်ခံရသူတစ်ဦးနဲ့ ခိုးမှုနဲ့ မသင်္ကာလို့ဆိုကာ ရပ်ကွက်ရုံးက ခေါ်ယူပြီးနောက် စစ်မူထမ်းဖို့ ပို့ဆောင်ခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – pro-SAC