ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ သောက်သုံးရေ ပြတ်လပ်နေပြီး အခက်အခဲဖြစ်ပေါ်နေ

Author လဂွန်းအိမ်၊ စောမြတ်သွီး
Categories
Published on Mar 18, 2025

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင် စခန်းတွေမှာ အခုလပိုင်းတွေကစတင်ပြီး သောက်သုံးရေ ပြတ်လပ်တာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲဖြစ်ပေါ်နေတဲ့အပြင် ရေခမ်းခြောက်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

စစ်ရှောင်စခန်းတွေမှာ ရေအတွက် အလှူရှင်တွေကို အားကိုးနေရပြီး အလှူရှင်မရှိပါက ရေရှိရာကန်တွေကို သွားရောက်ခပ်ယူရပြီး လက်ရှိမှာ ရေရှိရာကန်တွေလည်း ခန်းခြောက်ကာနီးပြီလို ဆိုပါတယ်။

 

“ တစ်ချို့နေရာတွေမှာ အိမ်ထောင်စုတစ်ခုဟာ တစ်ရက်သောက်ရေ တစ်ဂါလံ၊ နှစ်ဂါလံ စသဖြင့် ခွဲတမ်းချမှတ်ထားပါတယ် ” လို့ စစ်ဘေးရှောင်အရေး ကူညီနေတဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် စစ်ရှောင်သူအရေအတွက်မှာ မနှစ်ကထက် ဒီနှစ်မှာ ပိုတိုးလာတယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့ နယ်မှာ ပြီးခဲ့တဲ့ မိုးရာသီအတွင်း မိုခါမုန်တိုင်းဒဏ်နဲ့ ဒုတိယအကြိမ်မြစ်ရေကြီးခြင်း ဒဏ်တွေကြောင့် သောက်ရေကန်တွေ တွင်းတွေထဲ ရွှံ့နွံတွေပိတ်တာမျိုးရှိတာကြောင့် မနှစ်ကထက် ဒီနှစ်မှာ ရေပိုရှားပါးလာတာဖြစ်တယ်လို့ ဒေသခံတစ်ဦးထံကနေ စုံစမ်းသိရရှိရပါတယ်။

 

“ လူဦးရေအရေအတွက်လည်း တိုးလာတော့ ရှိတဲ့ရေနဲ့ မလောက်တော့ဘူး။ မြောင်တွေက လိုက်ပြီးတော့ ရေထွက်တဲ့နေရာတွေ ရှာဖွေပြီးတော့ ခက်ခက်ခဲခဲ စားသောက်နေထိုင် ရတယ်” လို့ စစ်ဘေးရှောင် ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

သောက်သုံးရေလှူဒါန်းကြသူတွေထဲ ပုဂ္ဂလိကအလှူရှင်တွေရှိသလို ပရဟိတအသင်းတွေလည်းရှိနေပြီး တစ်ဦးချင်းလှူတဲ့ ပုဂ္ဂလိကအလှူရှင်တွေကတော့ နည်းတယ်လို့ သိရပါတယ်။

 

စစ်ရှောင်အရေး ကူညီနေတဲ့ ပရဟိတအဖွဲ့တွေလည်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို အားကိုးပြီး ဆောင်ရွက်နေကြရတာကြောင့် ရေသယ်ဖို့ ရေကားစရိတ်နဲ့ စက်သုံးဆီစရိတ် စတဲ့ အခက်ခဲတွေရှိနေ တဲ့အတွက် ရေလုံလောက်အောင်မလှူဒါန်းနိုင်ဘူးလို့ စစ်ရှောင်အရေးကူညီပေးနေတဲ့အဖွဲ့တွေကလည်း ပြောပါတယ်။

 

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ ရေသိုလှောင်ဗူးကြီးတွေ ထားထားတာရှိပြီး ရေလာလှူတဲ့အခါ အဲဒီဗူးကြီးတွေထဲ ထည့်ကာရေသိုလှောင်ပြီး ခွဲတမ်းနဲ့ ပြန်ခွဲထည့်ပေးတယ်လို့ လင်းရောင်ခြည် ဖောင်ဒေးရှင်းတာဝန်ရှိသူကဆိုပါတယ်။

 

“ ရေအလှူမရှိလို့ သွားခပ်ရတဲ့ရေကကြည်လင်သန့်ရှင်းမှုမရှိတော့ဘူး။ မတတ်နိုင်တဲ့အဆုံးတော့ အဲ့ဒီရေကိုပဲသောက်ရတော့တာပါ” လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ပုဏ္ဏားကျွန်းမြို့နယ် စစ်ရှောင်တချို့ သောက်သုံးရေခတ်ယူနေရစဉ်