AAထိုးစစ်ကို ကြုံတွေ့နေရတဲ့ ငါးသိုင်းချောင်းမြို့ ဝန်းကျင်မှာ စစ်ကောင်စီက လူငယ်တွေကို အဓမ္မဖမ်းဆီးနေ

Author လဂွန်းအိမ်
Categories
Published on Feb 18, 2025

အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား စစ်ရေးအရှိန်မြင့်တက်နေတဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မှာ စစ်ကောင်စီက အခုရက်ပိုင်းတွေအတွင်း လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

 

ငါးသိုင်းချောင်းမြို့ အပါအဝင် ဆိပ်ချေးကုန်း၊ ဗောဓိကုန်း၊ ရွာသစ်ကလေး စတဲ့ ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေစစ်ဆေးတာတွေပြုလုပ်နေပြီး လူငယ် နှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

 

“သူတို့နောက် ပါသွားတယ်ဆိုရင်တော့ မျှော်လင့်စရာမရှိတော့ဘူး။ သူတို့ကခေါ်သွားပြီးရင် စခန်းထဲမှာ ထားတာမဟုတ်ဘူး တခါထဲစစ်တပ်ထဲခေါ်သွားတာ” လို့ အသက် ၃၀ ကျော် ဒေသခံ အမျိုးသမီးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် နွယ်သာယာလမ်းထဲက လူငယ်တချို့ ပဲနှုတ်ပြီးအပြန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ်ကဆင်းလာပြီး အကုန်ဆွဲတင်သွားတယ်လို့ သိရှိရကာ အဲဒီလူငယ်တွေအကြောင်း အခုအထိ ဘာသံမှမကြားရသေးဘူးလို့ သူမကဆက်ပြောပါတယ်။

 

“ရွာကပဲနှုတ်နေတဲ့ ကလေးတွေက ပဲနှုတ်ပြီး ဘီယာဘာညာသောက်ကြမှာပေါ့၊ မူးမူးရူးရူးနဲ့ လက်ညှိုးသွားထိုးပြီး ဘာတွေပြောလိုက်လဲမသိဘူး ကားပေါ်ကနေဆင်းပြီး အကုန်ဆွဲတင်သွားတယ်။ အခုအထိတော့ ဘာသံမှမကြားရသေးဘူး”လို့ ပြောပါတယ်။

 

ငါးသိုင်းချောင်းမြို့ပေါ်မှာတော့ စစ်ရိပ်စစ်ခြေမြင့်တက်နေပေမဲ့ ဒေသခံတချို့သာ တိမ်းရှောင်နေပြီး အများစုကတော့ တိမ်းရှောင်တာတွေ မလုပ်ကြသေးဘူးလို့လည်း သိရပြီး စစ်ကောင်စီတပ်သားတွေက အုပ်ချုပ်ရေးမှူး တချို့နဲ့ ပူးပေါင်းကာ စစ်မှုထမ်းဖို့ လူငယ်တွေကို ငါးသိုင်းချောင်းမြို့ ဝန်းကျင်မှာ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက ငါးသိုင်းချောင်းမြို့မှာရှိတဲ့ အမှတ် ၃၄၄ အမြှောက်တပ်ရင်းကို အခုရက်ပိုင်းအတွင်း စစ်ကူအမြောက်အများစေလွှတ်ကာ ခံစစ်ပြင်နေပြီး အနီးမှာရှိတဲ့ မြောက်စမ်းကျေးရွာနဲ့ တောင်စမ်းကျေးရွာတို့မှာလည်း အင်အားအများအပြားပို့ဆောင်ထားတယ်လို့စုံစမ်းသိရှိရပါတယ်။

 

“အနောက်ဘက်က ၃၄၄ တပ်မှာ စစ်သားတွေ အကုန်လုံးစုမိသွားပြီ။ မြို့ထဲကို မနေ့က ကား ၁၉ စီး နဲ့ ဝင်လာတာ စစ်သားတွေရော ရဲတွေရော နည်းနည်းနောနောမဟုတ်ဘူး လက်နက်တွေ ချိန်ပြီး သွားလာနေကြတာ” လို့ မြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လမ်းသွားလမ်းလာတွေနဲ့ ဂွန်ဒေါင်း(ထွေလာဂျီ) မောင်းလာသူတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားလာနေချိန် မောင်းနှင်မိတဲ့အတွက် ဆူပူကြိမ်းမောင်းကာ ရပ်နေခိုင်းတာ ဝပ်နေခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သူမကဆက်ပြောပါတယ်။

 

ရေကြည်မြို့ခံတစ်ဦးပြောတာကတော့ လက်ရှိမှာ သွားလာမပျက်ရှိနေကြပြီး အခြေအနေအေးအေးဆေးဆေး ရှိနေပေမဲ့ စက်တပ်လေထီးတွေ ပျံဝဲတာနေတာအပြင် ရေကြည်ကနေ လက်နက်ကြီးပစ်ကူ ပေးရတယ်ဆိုပြီး ကြားခဲ့ရတယ်လို့ သူကပြောပါတယ်။

 

ငါးသိုင်းချောင်းမြို့နယ်ရှိ အမှတ် ၃၄၄ အမြှောက်တပ်ရင်းရဲ့ ကားကင်းစခန်းတွေ ဝင်ရောက်တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

 

အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဟာ ရခိုင်-ဧရာဝတီအစပ် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ နဲ့ ၁၅ မိုင်အကွာခန့်ကိုရောက်ရှိနေပြီဖြစ်ပြီး အမှတ်-၃၄၄ အမြောက်တပ်နဲ့ လေးမိုင်အကွာအထိ နီးကပ်လာနေပြီ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်