ဖာသာရ်မာတင်ဒေါနယ် သတ်ဖြတ်ခံရမှု နောက်ကွယ်

Author ပြည်စိုး
Categories
Published on Feb 18, 2025

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကံကြီးတောကျေးရွာမှာရှိတဲ့ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းအတွင်းမှာ သွေးရောင်လွှမ်းတဲ့ နေ့တစ်ရက် ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီ ၁၄ရက်နေ့ပါ။ အချိန်ကတော့ ညနေ ၆နာရီ မှောင်စပျိုးချိန်မှာပေါ့။

 

အဲဒီနေ့ဟာ တကယ်တော့ ကျေးရွာတွင်းမှာ ဒေသခံတွေ ပျော်ရွှင်နေကြတဲ့ အချိန်ပါ။ တိုက်ဆိုင်စွာ ကျေးရွာတွင်းမှာ မင်္ဂလာပွဲတစ်ခုကို ကျင်းပနေချိန်လည်းဖြစ်ပါတယ်။ အသံချဲ့စက်ကနေ မင်္ဂလာသီချင်းတွေကို ဖွင့်လှစ်ထားချိန်မှာပဲ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းအတွင်းမှာ သွေးရောင်တွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။

 

ရွှေဘိုမြို့နယ် တအုံကျေးရွာက ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ တိုက်ကောလို့ အမည်ရသူ ဦးဆောင်တဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့ဟာ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းအတွင်းကို ဝင်ရောက်ပြီး သိုးထိန်းတာဝန်ကို ထမ်းဆောင်နေတဲ့ ဖာသာရ်မာတင်ဒေါနယ် ကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာကြောင့် သွေးရောင်တွေ ဖုံးလွှမ်းသွားခဲ့တာပါ။

 

ဖာသာရ်သတ်ဖြတ်ခံရချိန်မှာ ဘုရားကျောင်းအတွင်း အရပ်သားပြည်သူတွေနဲ့ ဘုရားကျောင်းတွင်း ဖွင့်လှစ်ထားတဲ့ အခမဲ့ပညာရေးကျောင်းက ဆရာ၊ဆရာမတွေလည်း ရှိနေခဲ့ပါတယ်။

 

“သတ်တဲ့သူတွေပြောတာကတော့ ဝင်ဝင်ချင်း ဒူးထောက်ခိုင်းတာကို “ငါက သင်းအုပ်ဆရာ ဘာလို့ဒူးထောက်ရမှာလဲ ပြောလို့” ဓားနဲ့ တန်းခုတ်လိုက်တယ်လို့တော့ပြောတယ်။ သေနတ်တောင် တချက်မှ ဖောက်မသွားဘူး။ ဓားရှည်တလက်တည်းနဲ့ပဲ ခုတ်ထားတာလို့ပြောတယ်။”လို့ ဒေသတာဝန်ရှိသူက ပြောပါတယ်လို့လည်း သတင်းတစ်ပုဒ်မှာ ဖော်ပြထားတာဟာ CJ Platform က ရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့လည်း ကိုက်ညီနေခဲ့ပါတယ်။

 

ခရစ်ယာန်ဘာသာမှာ ဘုရားသခင်ကလွဲပြီး ဒူးထောက်အရိုသေပြု ခစားတယ်ဆိုတာ မရှိပါဘူး။ ဖာသာရ်ရဲ့ ငြင်းဆန်မှုဟာ အရက်သရေစာသောက်စားထားသူတွေအတွက် အမျက်ဒေါသ ပိုမိုကြီးထွား သွားစေခဲ့ပါတယ်။

 

ဒါ့အပြင် အခုဖြစ်စဉ်မတိုင်မီကတည်းက ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖာသာရ်နဲ့အငြင်းပွားဖွယ်ရာ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးပါတယ်။ ဖာသာရ်မာတင်ဒေါနယ်ဟာ ၂၀၁၈ခုနှစ်မှာ ပြင်ဦးလွင်မြို့ အပြစ်မဲ့သန္ဓေယူသော သခင်မဘုရားကျောင်းမှာ ရဟန်းသိက္ခာခံယူခဲ့တဲ့ ရဟန်းတော်တစ်ပါးဖြစ်ပါတယ်။ ဖာသာရ်ဟာ ကံကြီးတောကျေးရွာမှာ သိုးထိန်းတာဝန်ကို ထမ်းဆောင်ဖို့ ၂၀၁၉ ခုနှစ်မှာ ရောက်ရှိခဲ့တယ်လို့ CJ Platform က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သိရပေမဲ့ သတင်းအချို့မှာတော့ ရောက်ရှိချိန်ဟာ ၂နှစ်ဝန်းကျင်သာ ရှိတယ်သေးတယ်လို့ ဆိုပါတယ်။

 

CJ Platform ကရရှိထားတဲ့ အချက်အလက်အချို့အရ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းက ဖာသာရ်နဲ့ ဒေသခံအချို့အကြား အဖုအထစ်တွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းအတွင်း ကလေးငယ်တွေအတွက် စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ချိန်ကနေ စတင်ပြီး ဖာသာရ်နဲ့ ဒေသခံအချို့အကြား နားလည်မှုလွဲချော်ခဲ့တာတွေ များပြားခဲ့ပါတယ်။ ကျောင်းပြင်ပ ပညာရေးကို အလေးပေးခဲ့တဲ့ ဖာသာရ်နဲ့ ပြည်သူ့အခြေပြုကျောင်းတွေမှာ သင်ကြားနေတဲ့ သင်ရိုးကို သင်ကြားစေချင်တဲ့ ဒေသခံတွေအကြား အငြင်းပွားခဲ့ကြပါသေးတယ်။

 

အငြင်းပွားမှုဖြစ်စဉ်တစ်ခုကတော့ ဖာသာရ်ဟာ သတ်ဖြတ်မှုတွေကို အားမပေးတာကြောင့် လက်နက်ကိုင်အဖွဲ့တွေကို ရှုတ်ချလေ့ရှိပြီး သူကလေးတွေကို သင်ကြားပေးတဲ့ သင်ခန်းစာတစ်ခုဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအတွက် အတော်ကို အမြင်မကြည်စရာဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဖာသာရ်ရဲ့ သင်ခန်းစာကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး အချို့ ဆရာ၊ဆရာမတွေကလည်း နုတ်ထွက်ခဲ့ကြပါတယ်။

 

ကျေးရွာမှာ ပြည်သူ့အခြေပြုကြားကာလ ပညာရေးကျောင်း ဖွင့်လှစ်နိုင်ချိန်မှာလည်း ဆရာတော်နဲ့ အငြင်းပွားမှု ထပ်မံကြုံတွေ့ရပြန်ပါတယ်။ ကျေးရွာမီးလင်းရေး ရန်ပုံငွေထဲကနေ စာသင်ကျောင်းဖွင့်လှစ်နိုင်ဖို့ သုံးစွဲမယ်လို့ ရပ်ရွာက ဆုံးဖြတ်ချက်ချမှတ်ချိန်မှာ ဖာသာရ်တစ်ဦးတည်းက ကန့်ကွက်ခဲ့ပြီး ဒီကျေးရွာမီးလင်းရေးရန်ပုံငွေဆိုတာ မဟာဓာတ်အားလိုင်းကနေ ရယူသုံးစွဲထားတဲ့ ငွေဖြစ်တာကြောင့် မဖြူစင်ဘူးလို့ ဖာသာရ်ရဲ့ ပြောဆိုချက်ကို ဒေသခံတွေက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

 

အငြင်းပွားနေချိန်မှာပဲ ဖာသာရ်ဟာ သူ့ကို သိုးထိန်းအဖြစ် တာဝန်ပေးအပ်ခဲ့တဲ့ စာရွက်ကို ထုတ်ပြပြီး ရပ်ရွာမှာရှိတဲ့ ပကဖ၊ ပအဖ တွေကရော ဘယ်သူက ခန့်အပ်ထားတာလဲဆိုတဲ့ မေးခွန်းကို မေးမြန်းတာကြောင့် ကန့်ကွက်သူတွေများပြားခဲ့ပြီး ဖာသာရ်လည်း အစည်းအဝေးကနေ ထွက်ခွာသွားတယ်လို့ ဒေသခံအချို့ဆီကနေ CJ Platform က လက်ခံရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဟံလင်းကျေးရွာကို ဒေသခံ ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ချိန်မှာလည်း ဘုရားကျောင်းအတွင်း အသံချဲ့စက်ဖွင့်ထားတာဟာ စစ်ရေးအရ အနှောင့်ယှက်ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်တွေက သွားရောက်တားဆီးချိန်မှာလည်း အဖုအထစ်တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အခင်းဖြစ်ပွားချိန် မတိုင်မီ သုံးပတ်ခန့်အလိုမှာလည်း ကျေးရွာအတွင်း စည်းကမ်းဖောက်ဖျက်သူတစ်ဦးကို ကာကွယ်ရေးတပ်တွေက လိုက်လံဖမ်းဆီးချိန်မှာ ဖာသာရ်က ကာကွယ်ပေးမှုဟာလည်း အစာမကြေမှုတွေ ရှိခဲ့ပါလိမ့်မယ်။

 

အခင်းမဖြစ်ပွားမီ ၅ရက်ခန့်အလို ဖာသာရ် ရွှေဘိုမြို့ကို ခရီးသွားရောက်နေချိန် ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းနဲ့ ပအဖရဲ့ နေအိမ်တစ်ခုကို စစ်ကောင်စီက နေရာအတိအကျနဲ့ လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ခဲ့ရပါတယ်။ ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့တွေ အချို့အကြားမှာ သံသယစိတ်တွေ ကြီးထွားလာခဲ့ပြီး အခုလို ဖြစ်စဉ်ကို တွန်းပို့လိုက်သလို ဖြစ်ခဲ့လားဆိုတာတော့ ကျူးလွန်သူတွေပဲ သိပါလိမ့်မယ်။

 

ဒါ့အပြင် ဘုရားကျောင်းအတွင်း လာရောက်နေထိုင်တဲ့ ဧည့်သည်တွေစာရင်းကို ဖာသာရ်က ပေးအပ်ဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တာလည်း ဒေသကာကွယ်ရေးတပ်အချို့ရဲ့ အမြင်မကြည်လင်မှုကို ကြုံတွေ့ခဲ့ရပုံရှိနေပါတယ်။

 

မည်သို့ပင်ဆိုစေကာမှု အမြင်မကြည်လင်မှု အငြင်းပွားမှုတစ်ခုတည်းကနေ ဖာသာရ်တစ်ဦးကို ဘုရားကျောင်းအတွင်း ဝင်ရောက်ပြီး ရက်စက်စွာ သတ်ဖြတ်မှုဆိုတာ လုပ်ဆောင်သင့်တဲ့ အရာတစ်ခု ဟုတ်မနေခဲ့ပါဘူး။

 

ဖာသာရ်ကို သတ်ဖြတ်ခဲ့သူတွေကို အရေးယူပေးရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကလည်း ဖေဖေါ်ဝါရီ ၁၇ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ “အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်သူများကိုလည်း ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း ကြေညာအပ်ပါသည်”လို့ ဖော်ပြထားပါတယ်။

 

ပဋိပက္ခကြီးထွားနေချိန်ကာလမှာ တရားဥပဒေစိုးမိုးရေးဆိုတာကို မေ့လျော့ထားလို့ မရသလို အဖွဲ့အစည်းတစ်ခုအတွင်း အဆင့်ဆင့် စည်းကမ်းလိုက်နာမှုဆိုတာတွေကလည်း အရေးကြီးလှပါတယ်။ ဒါကို လက်နက်ကိုင်ဆောင်ထားသူတွေအနေနဲ့ ပိုမို သတိထားရမဲ့ အရာပါ။

 

ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံရဲ့ ယဉ်ကျေးမှု ဓလေ့နဲ့ သူတို့ လိုက်နာရတဲ့ စည်းကမ်းတွေကိုလည်း အခြားသော ဘာသာဝင်တွေအနေနဲ့ လေးစားလိုက်နာဖို့ လိုအပ်နေပါတယ်။ အမှိုက်ကစ ပြာဿာဒ် မီးမလောင်ဖို့ ပိုမိုတဲ့ ထိန်းချုပ်မှုတွေကို လက်နက်ကိုင်ဆောင်ထားသူတွေတိုင်း သတိပြုမိဖို့ လိုအပ်ပါတယ်။