ကနေဒါမှာ လေယာဉ်တစ်စင်း လေဆိပ်အဆင်းမှာ ပက်လက်လှန်သွားတာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ၁၈ ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on Feb 18, 2025

ကနေဒါနိုင်ငံမှာ ဒယ်လ်တာလေကြောင်းလိုင်း (Delta Air) ကုမ္ပဏီပိုင် ဒေသတွင်းပြေးဆွဲနေတဲ့ လေယာဉ်တစ်စင်းဟာ တော်ရွန်တိုပီယာဆန်လေဆိပ်ကို အဆင်းမှာ ပက်လက်လှန်သွားခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဆိုပါလေယာဉ်ဟာ ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၁၃ မိနစ် ဝန်းကျင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၁ နာရီ ၄၃ မိနစ် ဝန်းကျင်)မှာ လေဆိပ်ကို ဆင်းသက်ခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၇၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦးတို့ လိုက်ပါလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မတော်တဆမှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာတဲ့ ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးက ဒဏ်ရာပြင်းထန်ခဲ့ပြီး  ထိခိုက်ဒဏ်ရာတွေရခဲ့တဲ့ အခြား ၁၅ ဦးနဲ့အတူ ဆေးရုံကို ချက်ချင်းပို့ဆောင် ပေးခဲ့တယ်လို့ ကနေဒါလေကြောင်း ကူညီကယ်ဆယ်ရေး အရာရှိတစ်ဦးက ပြောပါတယ်။

 

အမေရိကန်လေကြောင်းလိုင်းဖြစ်တဲ့ ဒယ်လ်တာလေကြောင်းလိုင်းကလည်း ၎င်းတို့ရဲ့ Endeavor Air  ကုမ္ပဏီခွဲက ပျံသန်းပြေးဆွဲနေတဲ့ CRJ900 လေယာဉ်တစ်စင်းဟာ ခရီးသည် ၇၆ ဦး၊ လေယာဉ်အမှုထမ်း ၄ ဦးကိုတင်ဆောင်ခဲ့ပြီး မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကနေဒါနိုင်ငံ Bombardier ကုမ္ပဏီကထုတ်လုပ်ပြီး GE Aerospace ကုမ္ပဏီရဲ့ အင်ဂျင်တွေနဲ့ မောင်းနှင်တဲ့  CRJ900 လေယာဉ်ဟာ ၁၆ နှစ်သက်တမ်းရှိပြီဖြစ်ပြီး ခရီးသည် ၉၀ ဦးအထိ လိုက်ပါနိုင်တယ်လို့ ဆိုပါတယ်။

 

မတော်တဆမှုဖြစ်ပြီးတဲ့နောက် ပေါ်ထွက်လာတဲ့ ရုပ်သံဗီဒီယိုတွေထဲမှာ လေယာဉ်ရဲ့ အတောင်ပံတစ်ဖက်ဟာ လေယာဉ်ကိုယ်ထည်ကနေပြုတ်ထွက်နေတာကို တွေ့မြင်ရပြီး မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ ကနေဒါ အာဏာပိုင်တွေက ဆိုပါတယ်။

လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တစ်ဦးဖြစ်သူ ဂျွန်နယ်လ်ဆင်က လေယာဉ်မတော်တဆမှု ဖြစ်ပြီးနောက် မီးသတ်ယာဉ်တွေက လေယာဉ်ကို ရေတွေဖြန်းပက်နေတဲ့ ရုပ်သံကို လူမှုကွန်ရက် Facebook ပေါ်တင်ခဲ့သလို လေယာဉ်မတော်တဆမှု အဖြစ်ခင်မှာလည်း မူမမှန်တဲ့ လက္ခဏာတွေ ဘာမှ မတွေ့ခဲ့ရဘူးလို့ CNN သတင်းဌာနကို ပြောပါတယ်။

 

“ကျွန်တော်တို့ (လေယာဉ်) မြေပြင်ကို ပြင်းပြင်းထန်ထန် ထိမိတယ်၊ ပြီးတော့ ဘေးကိုလှည်ထွက်သွားတယ်၊ နောက် ပက်လက်လှန်သွားတယ်” လို့ နယ်လ်ဆင်က ဆိုပါတယ်။

 

တော်ရွန်တိုပီယာဆန်လေဆိပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက လေပြင်းတိုက်ခတ်ပြီး နှင်းတွေက ၂၂ စင်တီမီတာ (၈ ဒသမ ၆) လက်မအထိ ကျဆင်းခဲ့တာကြောင့် ဖျက်သိမ်းလိုက်ရတဲ့ ခရီးစဉ်တွေကို ပြန်ပြီး အစားထိုးနိုင်ဖို့ ကြိုးစားနေရတယ်လို့ ယမန်နေ့အစောပိုင်းက ပြောဆိုပါတယ်။

 

မတော်တဆမှုဖြစ်ပွားခဲ့တဲ့ လေယာဉ်ဆင်းသက်ချိန်မှာလည်း လေပြင်းတိုက်ခတ်ပြီး နှင်းတွေကျနေတယ်လို့ လေကြောင်းပျံသန်းမှု ခြေရာခံဝက်ဘ်ဆိုက်တွေရဲ့ အချက်အလက်တွေ အရသိရပါတယ်။

 

လေဆိပ်က မီးသတ်ဌာနအကြီးအကဲ တော့ဒ်အစ်ကန်က ယမန်နေ့နှောင်းပိုင်းအချိန်မှာ လေယာဉ်ပြေးလမ်းဟာ ခြောက်သွေ့နေပြီး လေပြင်းတိုက်ခတ်တဲ့ အခြေအနေမျိုး မရှိဘူးလို့ ပြောဆိုပေမဲ့ ပေါ်ထွက်လာတဲ့ ရုပ်သံကို ကြည့်ရှုရတဲ့ လေယာဉ်မှူး အများအပြားကတော့ အဲဒီမှတ်ချက်ကို လက်မခံဘူးလို့ ရိုက်တာသတင်းဌာနကို ပြောဆိုပါတယ်။

 

စုံစမ်းစစ်ဆေးသူတွေက လေယာဉ်တောင်ပံဟာ ဘာကြောင့်လေယာဉ်ကိုယ်ထည်ကနေ ပြုတ်ထွက်သွားလဲ ဆိုတာကို  စစ်ဆေး အဖြေရှာသွားမယ်လို့လည်း သိရပါတယ်။

 

လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတွေအတွက် ပြေးလမ်း နှစ်ခုကို ပိတ်ထားရတာကြောင့် လာမယ့် ရက်အနည်းငယ်အတွင်း လေယာဉ်နောက်ကျတာတွေ ရှိနိုင်တယ်လို့ လေဆိပ်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒီဘိုရာဖလင့်က ယမန်နေ့က ပြောဆိုပါတယ်။.

 

ကနေဒါနိုင်ငံ သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ (TSB) က စုံစမ်းစစ်ဆေးမှုအတွက် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပြီး အမေရိကန်ပြည်ထောင်စုရဲ့ NTSB နဲ့ ဂျပန်က မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းစုကလည်း စုံစမ်းစစ်ဆေးမှုမှာ အပြည့်အဝ ပူးပေါင်းကူညီသွားမယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – Reuters

 

ပုံစာ- လေယာဉ်မတော်တဆမှုဖြစ်ပွားပြီးသည့်နောက် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည်ကို တွေ့မြင်ရစဉ်

 

ကိုးကား- Reuter