“ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဆက်ဖြစ်နေလို့ တိုင်းနဲ့ ပြည်နယ် ငါးခုမှာ မိုးရွာနိုင်ခြေ ၆၀ ရာခိုင်နှုန်းရှိ
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ကာ နောက်နှစ်ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
အခုဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အိန္ဒိယ-တမီလ်နာဒူးပြည်နယ် ကမ်းခြေနားအရောက်မှာ ဆဲလ်နှစ်ခု ကွဲထွက်ပြီး အနောက်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ပင်လယ်ပြင်ဘက်ကို ပြန်လှည့်နိုင်ပြီး မြောက်-အနောက်မြောက်နဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းကိုရွေ့လျားလာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
အဲဒီလိုဖြစ်လာပါက မြန်မာကမ်းရိုးတန်းဘက်ကို ပိုပြီး နီးလာနိုင်တာကြောင့် အလယ်ပိုင်းဒေသတွေအပြင် ဧရာဝတီတိုင်းက ဒေသတချို့မှာပါ ဒီဇင်ဘာ လနှောင်းပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းတာမျိုးတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် စောင့်ကြည့်ရမယ်လို့ ခန့်မှန်းထားပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ညအပူချိန် အနည်းငယ်လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။