တာမွေမှာ ပါဆယ်ဗုံးပေါက်ကွဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

Author ကိုထက်
Categories
Published on Nov 18, 2024

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက် မနက် ၉ နာရီခန့်က ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အဲဒီစာသင်တိုက်က ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူသွားတယ်လို့ အဲဒီစာသင်တိုက်အနီးနေသူတွေက ‌CJ Platform ကို ပြောပါတယ်။

 

ကျောင်းထိုင်ဆရာတော်သီတင်းသုံးရာ ကျောင်းဆောင်ဘေးမှာ ပါဆယ်ဗုံးပေါက်ခဲ့တာလို့ ဒီဖြစ်စဉ်ကို သိရှိတဲ့ အဲဒီစာသင်တိုက်အနီးနေသူတစ်ဦးက ‌CJ Platform ကို ပြောပါတယ်။

 

“ဆရာတော်ရဲ့အခန်းဘေးမှာ ဘယ်သူကထားသွားတယ်မသိဘူး။ ဆရာတော်က နေရာမှာပဲပျံလွန်တော်မူသွားတယ်” လို့ သူက ပြောပါတယ်။

 

ပျံလွန်တော်မူသွားတဲ့ဆရာတော် ဦးဉာဏဝံသဟာ သက်တော် ၅၇ နှစ်၊ ဝါတော် ၃၇ ဝါရှိပြီဖြစ်ပြီး မေတ္တာညွန့်ရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက်က ကျောင်းထိုင်ဆရာတော်ဖြစ်သလို ရပ်ကွက်သံဃနာယကဥက္ကဌလည်းဖြစ်တယ်လို့ သိရပါတယ်။

 

“ဖြစ်ဖြစ်ပြီးချင်း ကျောင်းထဲမှာ စစ်တပ်ကော၊ ရဲကိုကော လုံခြုံရေးချထားတယ်။ အသံကြားကြားရချင်း ကိုရင်တွေလည်း ရောက်လာပြီးကြည့်မှသိတာ။ ဘယ်သူ အဲဒီဗုံးကို ဘာလို့လာထားရတာလဲ စဉ်းစားလို့ကိုမရဘူး” CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

အခုပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တာလည်းဆိုတာမျိုး ထုတ်ပြန်လာတာမရှိသေးသလို CJ Platform အနေနဲ့လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်ရုံးမှာ ရေဘေးသင့်တွေအတွက် လာလှူထားတဲ့ ဆန်အိတ်ထဲကနေ ဗုံးပေါက်ကွဲပြီး အုပ်ချုပ်ရေးအဖွဲ့က ၁၁ ယောက် ဒဏ်ရာရခဲ့ပါ‌သေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ- ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း တာမွေမြို့နယ်၊ တာမွေစျေးအနီးက ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခုကိုတွေ့ရစဉ်(ပုံဟောင်း)