စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ရဟန်းတစ်ပါးအပါအဝင် လေးဦးသေဆုံးလို့ဆို

Author လဂွန်းအိမ်
Categories
Published on Nov 18, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ စစ်ကောင်စီက ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက်က ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်လို့ ရဟန်းတစ်ပါး အပါအဝင် လေးဦးသေဆုံးခဲ့ပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့  ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီကနေ့ မနက် ၇ နာရီခွဲခန့် မှာတစ်ကြိမ်၊ မနက် ၈ နာရီ ၂၀ ခန့်မှာ တစ်ကြိမ် ဇီးကုန်းသကြားစက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က နှစ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပထမအကြိမ်မှာ ၈၁ ဗုံးသီး သုံးလုံး၊ ဒုတိယအကြိမ်မှာ နှစ်လုံး စုစုပေါင်း ငါးလုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

“ခရီးသွားကား ဘေးကို ကျတဲ့အနေအထားပါ။ ဖုန်းလိုင်းက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတော့ သတင်းပြည့်ပြည့်စုံစုံ မရသေးဘူးဖြစ်နေပါတယ်။ ကားနှစ်စီးတော့ ပျက်စီးသွားပါတယ်”လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ထိခိုက်သေဆုံးသွားတဲ့ ရဟန်းတစ်ပါးနဲ့ ခရီးသွား သုံးဦးဟာ ငွေတိုးမန်း ခရီးသည်ယာဉ်နဲ့ လိုက်ပါလာတဲ့ ခရီးသွားတွေဖြစ်ပြီး အမည်နဲ့ နေရပ်လိပ်စာကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့လို့ အမျိုးသား တစ်ဦးသေဆုံးခဲ့တဲ့အပြင် ကားဝပ်ရှော့က ကားတွေနဲ့ နေအိမ် သုံးလုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်း စတဲ့ မြို့တွေမှာ ကသုံးလုံး စစ်ဆင်ရေး အဖြစ်လှုပ်ရှားမှုတွေရှိခဲ့ပြီး စစ်ကောင်စီက ဒေသခံတွေကို နည်းမျိုးစုံနဲ့စုစည်းကာ ပြည်သူ့စစ်သင်တန်းပေးပြီး အမျိုးသားရေးဝါဒီဆိုသူ ဦးဝါသဝ ဦးဆောင်မှုနဲ့ ပျူစောထီးအင်အားအသုံးပြုကာ စစ်ရေးအရ လက်ဦးမှုရယူထားတာမျိုးရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေအရ သိရပါတယ်။

 

ဒါ့အပြင် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေက ဒေသခံ ပြည်သူ ၁၃၀ ခန့်ကို ဖမ်းဆီးထားခဲ့ပြီး ယနေ့အထိ ပြန်လည် မလွတ်မြောက်သေးဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

 

ပုံစာ – ဗုံးကြဲခံရတဲ့ ခရီးသည်ယာဉ်ကိုတွေ့ရစဉ်