လူမှုကွန်ရက် X ကို နာမည်ကြီးသတင်းဌာနတွေ သပိတ်မှောက်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်ခ်ပိုင်ဆိုင်တဲ့ လူမှုကွန်ရက် X (ယခင် Twitter) ကို နာမည်ကြီးသတင်းဌာနဖြစ်တဲ့ The Guardian နဲ့ စပိန်နိုင်ငံက လူကြိုက်များတဲ့ နေ့စဉ်သတင်းစာ La Vanguardia တို့က သပိတ်မှောက်လိုက်ပြီး အဲဒီ လူမှုကွန်ရက်ကနေ နုတ်ထွက်တယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။
The Guardian က နိုဝင်ဘာလ ၁၂ ရက်နေ့တုန်းက “အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေက ကျွန်တော်တို့ ကြာမြင့်စွာ စဉ်းစားနေခဲ့တဲ့ အချက်ကို ပိုပြီး ထင်ရှားစေခဲ့ပါတယ်။ X ဟာ အဆိပ်သင့်နေတဲ့ မီဒီယာပလက်ဖောင်းတစ်ခုဖြစ်ပြီး ပိုင်ရှင်ဖြစ်တဲ့ သူဟာလည်း နိုင်ငံရေး ဆွေးနွေးမှုတွေကို လွှမ်းမိုးနိုင်ခဲ့ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါကြောင့် သပိတ်မှောက်တဲ့အနေနဲ့ X က တရားဝင်စာမျက်နှာမှာ ထပ်ပြီး သတင်းတင်ဆက်တာမျိုး မလုပ်တော့ပေမဲ့ သုံးစွဲသူတွေကတော့ အရင်က သတင်းဆောင်းပါးတွေကို ထပ်မံမျှဝေလို့ ရနေမှာပါလို့ The Guardian ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
La Vanguardia သတင်းစာကလည်း နိုဝင်ဘာ ၁၄ ရက်နေ့မှာ သူတို့ရဲ့ X အကောင့်ကို ပိတ်သိမ်းမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပြီး X ပလက်ဖောင်းဟာ အစွန်းရောက် သီအိုရီတွေနဲ့ သတင်းအမှားတွေအတွက် အရေးပေါ်ခန်းနဲ့ တူတယ်လို့လည်း ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အယ်ဒီတာချုပ် ဂျော်ဒီဟွမ်က X ပလက်ဖောင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာတွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မှု မရှိတဲ့အပေါ်မှာလည်း စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အလားတူ အခြားနာမည်ကြီး သတင်းဌာနတွေ ဖြစ်ကြတဲ့ NPR၊ BBC၊ PBS၊ CBC/Radio-Canada နဲ့ The New York Times တို့လို သတင်းမီဒီယာအဖွဲ့အစည်းတွေကလည်း X ပလက်ဖောင်းပေါ်မှာ သတင်းတွေ တင်ဆက်တာကို ရပ်ဆိုင်းခဲ့ကြပါတယ်။
နိုင်ငံတကာက မီဒီယာအဖွဲ့အစည်းတွေရဲ့ အခုလိုမျိုး စုပေါင်းထွက်ခွာမှုဟာ ဒစ်ဂျစ်တယ်သတင်းစာပညာရဲ့ အနာဂတ်နဲ့ မီဒီယာအဖွဲ့အစည်းတွေရဲ့ ပရိသတ်နဲ့ ဆက်သွယ်ရေး ပုံစံအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
X ပလက်ဖောင်းမှာ အမုန်းစကားတွေနဲ့ သတင်းတု သတင်းမှားတွေ ပျံ့နှံနေတာကို ကန့်ကွက်တဲ့အနေနဲ့ အပေါ်က မီဒီယာအဖွဲ့အစည်းတွေသာမက Balenciaga နဲ့ Best Buy တို့လိုမျိုး စီးပွားရေး လုပ်ငန်းတွေကပါ နုတ်ထွက်ခဲ့ကြပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ ထိပ်တန်းကြော်ငြာရှင် ၁၀၀ ထဲက ထက်ဝက်ခန့်က X ပလက်ဖောင်းပေါ်က ကြော်ငြာတွေ ရုတ်သိမ်းခဲ့သလို နော်ဝေနိုင်ငံက ရဲတပ်ဖွဲ့နဲ့ စာရင်းအင်းဗျူရိုတို့ကလည်း X ပလက်ဖောင်းကနေ နုတ်ထွက်ခဲ့ကြပါသေးတယ်။
နော်ဝေးနိုင်ငံ အော်စလို တက္ကသိုလ်က မီဒီယာဆန်းသစ်တီထွင်မှု ပါမောက္ခ ပတ်တာဘေးဘရန်းဒဇက်ကတော့ “X ဟာ ယဉ်ကျေးမှု ကင်းမဲ့လာနေပြီ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
လူမှုကွန်ရက် X ဟာ အရင်ကတည်းက သတင်းတု၊ သတင်းမှားတွေနဲ့ အမုန်းစကားပျံ့နှံ့မှုတွေကြောင့် ဝေဖန်ခံခဲ့ရပြီး ပိုင်ရှင်သစ်ဖြစ်တဲ့ အီလွန်မက်ခ်လက်ထက်မှာတော့ အခြေအနေတွေဟာ ပိုပြီးဆိုးဝါးလာတယ်လို့ သတင်းမီဒီယာတွေက ထောက်ပြခဲ့ကြပါတယ်။
ဓာတ်ပုံ – Yahoo News
ကိုးကား – The Pinnacle Gazette, NEWSinENGLISH.no