ယူကရိန်းအနေနဲ့ ကန်လက်နက်တွေ အသုံးပြုပြီး ရုရှားကို တိုက်ခိုက်ဖို့ အမေရိကန် ခွင့်ပြု၊ တတိယကမ္ဘာစစ် ဖြစ်နိုင်ဟု ရုရှားဘက်က သတိပေး
အမေရိကန်သမ္မတဂျိုးဘိုင်ဒမ်ရဲ့ အစိုးရအဖွဲ့ဟာ ယူကရိန်းနိုင်ငံကို အမေရိကန်လု ပ်လက်နက်တွေနဲ့ ရုရှားပြည်တွင်းတွေထဲအထိ တိုက်ခိုက်ခွင့် ပြုလိုက်တယ်လို့ အမေရိကန်အရာရှိနှစ်ဦးနဲ့ အခြားသတင်းရင်းမြစ်တစ်ဦး တို့ရဲ့ ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ပြောဆိုချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အခုလို ဆုံးဖြတ်ခဲ့တာဟာ ရုရှားတပ်တွေကို အားဖြည့်ဖို့ မြောက်ကိုရီးယားစစ်သားတွေ စေလွှတ်လာတဲ့ အပေါ် တုံ့ပြန်ခြင်းဖြစ်ပြီး ယူကရိန်းဟာ လာမယ့်ရက်တွေအတွင်း အရေးယူဆောင်ရွက်မှုတွေ စတင်လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက အသိပေးပါတယ်။
“ဒီကနေ့မှာ မီဒီယာတွေ တော်တော်များများဟာ ကျွန်တော်တို့တွေ သင့်လျော်တဲ့ လုပ်ဆောင်မှုတွေဆောင်ရွက်ဖို့ ခွင့်ပြုချက်ရခဲ့ပြီလို့ ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ တိုက်ခိုက်မှုတွေဟာ စကားလုံးတွေနဲ့ လုပ်ရတာမဟုတ်ပါဘူး။ အဲဒီလို ကိစ္စတွေကလည်း ထုတ်ပြီး ကြေညာလေ့မရှိပါဘူး”လို့ ယူကရိန်းသမ္မတ ဇီလန်းစကီးက ယမန်နေ့ ညနေပိုင်းမှာ ပြောဆိုခဲ့သလို “ဒုံးကျည်တွေက သူတို့ဘာသာ သူတို့စကားပြောပါလိမ့်မယ်” လို့လည်း သူက ထပ်ပြီးပြောဆိုခဲ့ပါတယ်။
အခုကိစ္စအပေါ် ရုရှားအထက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီရဲ့ ပထမ လက်ထောက်အကြီးအကဲ ဖြစ်သူ ဗလာဒီမီယာဒစ်ဟာဘာရော့ဗ်က “ဒီဆုံးဖြတ်ချက်ဟာ တတိယ ကမ္ဘာစစ်ဆီကို ဦးတည်သွားနိုင်တယ်”လို့ သတိပေးခဲ့သလို ရုရှားအထက်လွှတ်တော်အမတ် အန်ဒရေကလစ်ရှက်စ်ကလည်း “အနောက်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် နောက်တစ်နေ့မနက်မှာ ယူကရိန်းနိုင်ငံတော်ဟာ လုံးဝပျက်စီးသွားနိုင်တယ်”လို့ တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
လက်ရှိမှာ မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ ကျော်ဟာ ရုရှားနိုင်ငံအရှေ့ပိုင်းကို ရောက်ရှိနေကြပြီး အများစုက ကာ့ရှ်ဒေသမှာ တိုက်ပွဲဝင်နေတယ်လို့ အမေရိကန်ဘက်က ယုံကြည်ထားပါတယ်။ ယူကရိန်းတပ်တွေဟာလည်း ၂၀၂၂ ခုနှစ်နောက်ပိုင်းအမြန်ဆုံးနှုန်းတွေနဲ့ ရုရှားဘက် ကျူးကျော်ထိုးစစ်ဆင်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာပေးနေရတယ်လို့လည်း သိရပါတယ်။
အမေရိကန်ရဲ့ ခွင့်ပြုချက်ရပြီးနောက်ပိုင်း ယူကရိန်းရဲ့ ရုရှားပြည်တွင်းအထိ ပစ်ခတ်မဲ့ ပထမဆုံး တိုက်ခိုက်မှုဟာ မိုင် ၁၉၀ (၃၀၆ ကီလိုမီတာ) အထိ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ ATACMS တာဝေးပစ်ဒုံးတွေနဲ့ တိုက်ခိုက်တာတွေ ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး အိမ်ဖြူတော်နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတို့ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။
လာမယ့်နှစ် ဇန်နဝါရီမှာ တာဝန်ထမ်းဆောင်မယ့် သမ္မတအသစ် ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက အခုကိစ္စအပေါ် တစ်စုံတစ်ရာ မပြောပေမယ့် ထရမ့်ရဲ့ အနီးကပ်ဆုံးလူဖြစ်တဲ့ နိုင်ငံခြားရေးအကြံပေး ရစ်ချတ်ဂရင်နယ်လ်ကတော့ “ရာထူးကမထွက်ခင်မှာ စစ်ပွဲကို ပိုမိုဆိုးရွားအောင် လုပ်နေတာ”လို့ လူမှုကွန်ရက် X မှာ ရေးခဲ့ပါတယ်။
ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလောဆီကော့ရ်စကီကတော့ “သမ္မတဘိုင်ဒမ်ဟာ မြောက်ကိုရီးယားတပ်တွေ စစ်ပွဲထဲ ဝင်ပါလာတာနဲ့ ရုရှားတို့ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေကို ပူတင်နားလည်တဲ့ ဘာသာစကားနဲ့ တုံ့ပြန်လိုက်တာ ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
ဓာတ်ပုံ- Kevin Lamarque/ Reuters
ပုံစာ – ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ ဂျိုးဘိုင်ဒင်နဲ့ ဇီလန်းစကီးတို့ အီတလီမှာတွေ့ဆုံခဲ့စဉ်
ကိုးကား – Reuters