ကွတ်ခိုင်နဲ့ မိုင်းငေါ့ ဗုံးကြဲခံရမှုအတွင်း ကလေးငယ်နဲ့ အမျိုးသမီး ၃ ဦးသေဆုံးတဲ့အပြင် ၁၈ ဦးဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Nov 18, 2024

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်နဲ့ မိုင်းငေါ့မြို့တွေကို စစ်ကောင်စီတပ်ရဲ့ ယမန်နေ့ တစ်ရက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း သုံးဦးသေဆုံးခဲ့တဲ့အပြင် ၁၈ ဦးဒဏ်ရာရခဲ့တယ်လို့ ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)ရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယမန်နေ့ နိုဝင်ဘာ ၁၇ ရက် ည ၁၁ နာရီ ၄၇ မိနစ်ခန့်က ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲတဲ့အပြင် မိုင်းငေါ့မြို့ကိုလည်း မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့က ကလေးနဲ့ အမျိုးသမီး စုစုပေါင်း သုံးဦးသေဆုံးခဲ့ပြီး အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီး ခုနစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ရှစ်လုံး ထိမှန်ပျက်စီးသွားခဲ့တဲ့အပြင် မိုင်းငေါ့မြို့မှာလည်း ဒေသခံ အမျိုးသမီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက ကွတ်ခိုင်မြို့ရှိ ရပ်ကွက် ၂ အတွင်းကို နိုဝင်ဘာ ၁ ရက်နေ့ကလည်း ဂျက်ဖိုက်တာနဲ့ ဗုံး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စစ်ကောင်စီက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာနေရာတွေကို လေကြောင်းအသုံးပြုပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံတွေသေဆုံးထိခိုက်နေရတဲ့အပြင် နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးနေရတယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ဖို့ ဒေသခံတွေအနေနဲ့ စစ်ရေးသတိရှိဖို့ လိုအပ်ပြီး လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းကာကွယ်ရေးဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ PSLF/TNLA က သတိပေးထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA

 

ပုံစာ – ယမန်နေ့မနက်ပိုင်း ကွတ်ခိုင်မြို့ ဗုံးကြဲခံရအပြီး မြင်တွေ့ရစဉ်