“ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်” တိုင်းနဲ့ ပြည်နယ် ခုနစ်ခုမှာ မိုးရွာနိုင်
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီ(ကယား)ပြည် တို့မှာ နေရာကွက်ကျား မိုးရွာမယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်တို့မှာ အများအားဖြင့် သာယာမယ်လို့ ခန့်မှန်းထားပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
ထူးခြားဖြစ်စဉ်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံ လူဇုန်အလယ်ပိုင်းဒေသတွေကို ဖြတ်ကျော်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း မန်ရီ(MAN-YI)ဟာ တောင်တရုတ်ပင်လယ်ပြင်ကို ရောက်ရှိကာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”
တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”
နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
Source – မိုးဇလ