ဧရာဝတီတိုင်းမှာ မိုးစပါး စထွက်၊ တင်း ၁၀၀ ကို ၁၇ သိန်းဈေးသာရလို့ တောင်သူတွေ အရှုံးပေါ်

Author လဂွန်းအိမ်
Categories
Published on Oct 18, 2024

မြန်မာပြည်ရဲ့ ဆန်အိုးကြီး ဧရာဝတီတိုင်း၊ ဒေသတချို့မှာ ဒီနှစ် ၂၀၂၄ အတွက် မိုးစပါးတွေ စတင်ထွက်ရှိလာနေပြီး တချို့ဒေသတွေမှာတော့ ရိတ်သိမ်းနေဆဲဖြစ်တယ်လို့ တောင်သူလယ်သမားတွေဆီကနေ သိရပါတယ်။

 

ဒီနှစ် အောက်တိုဘာလဆန်းပိုင်းကစပြီး ဆန်ကြမ်းအနွယ်ဝင်စပါးအမျိုးအစားတွေဖြစ်တဲ့ ဆင်းသုခ၊ အလဲဗင်း၊ ထွန်းပု၊ ကရင်မ၊ ရက်ကိုးဆယ် စတဲ့ စပါးအမျိုးအစားတွေ စတင်ရိတ်သိမ်းနေတာ ဖြစ်တယ်လို့ ၎င်းတို့က ပြောပါတယ်။

 

ရေကြီးနစ်မြုပ်မှုနဲ့ ပိုးကျတာတွေကြောင့် ဒီနှစ် စပါးအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။

 

“အခုမှစရိတ်တုန်းဆိုတော့ ဘယ်လောက်အထွက်နည်းတယ်ဆိုတာတော့ မပြောတတ်သေးဘူး။ ရေမြုပ်တာတွေ၊ လယ်ပျက်စီးတာတွေတော့ရှိတယ်။ စပါးအထွက်နည်းမယ်လို့တော့ထင်ပါတယ်” လို့ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ လယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။

ဒါ့အပြင် မိုးများတဲ့အတွက် ပိုးသတ်ဆေးဖြန်းရာမှာလည်း ထိရောက်မှုမရှိဖြစ်ခဲ့ရပြီး တစ်ကွင်းလုံးပိုးကျတာမဟုတ်ဘဲ တစ်ပေပတ်လည်အကွက်အလိုက် ပိုးစားခံရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

 

ဒီနှစ်မိုးတွင်းကာလမှာ မိုးများစွာရွာသွန်းတဲ့အတွက် စပါးကွင်းတွေထဲ ရေကြီးရေလျှံလို့ ရေစီးပြီး ဓာတ်မြေဩဇာကျွေးလို့မရတာ၊ စပါးတွေ ရေနစ်မြုပ်တာတွေကြောင့် လယ်တွေပျက်စီးခဲ့ရတယ်လို့ ညောင်တုန်းမြို့နယ်က လယ် ဆယ်ဧကပိုင် လယ်သမားတစ်ဦးက ပြောပါတယ်။

 

လက်ရှိ ဆန်ကြမ်းအမျိုးအစား မိုးစပါးသစ်ဈေးနှုန်းကတော့ တင်း ၁၀၀ ကို ၁၇ သိန်းဝန်းကျင်ပဲရှိပြီး ဒီဈေးဟာ အရင်နှစ်မိုးစပါးသစ် ဈေးနှုန်းအတိုင်းဖွင့်လှစ်လာတာဖြစ်တယ်လို့ လယ်သမားတွေဆီကနေ သိရပါတယ်။

 

ဒါပေမဲ့ အထွက်နည်းတာ၊ ပိုးကျတာတွေအပြင် ဒီနှစ်ထဲ စိုက်ပျိုးစရိတ်ကြီးမြင့်တာတွေကြောင့် လယ်သမားတွေ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။

 

“အခုက လှိုင်လှိုင်မပေါ်သေးဘူး။ ပေါ်ရင် ဈေးကျဖို့ပဲရှိမယ်။ တချို့ဆို ၁၆ သိန်းခွဲလောက်ပဲဈေးရတယ်။ ရိတ်ခ၊ အလုပ်သမားငှားခတွေကလည်း အရင်နှစ်နဲ့မတူတော့ဘူး။ ရှုံးဖို့ပဲရှိတယ်” လို့ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စုရှိ လယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒီနှစ်မိုးစပါးစိုက်ဖို့ လယ်ယာမြေပြုပြင်စရိတ်၊ ကောက်စိုက်ခ၊ ရိတ်သိမ်းခ၊ ချွေလှေ့စက်ငှားရမ်းခလို့ဆိုတဲ့ သွင်းအားစုကုန်ကျစရိတ်စုစုပေါင်း ၁၃ သိန်းဝန်းကျင်အထိရှိခဲ့ပြီး တစ်ဧကကို စပါး တင်း ၅၀ မှ ၆၀ ကြားသာ ထွက်တာကြောင့် အရှုံးပေါ်တာလို့ တောင်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း အခုနှစ် ဇူလိုင်လ ဒုတိယအပတ်ကနေ ဩဂုတ်လ ပထမအပတ်အတွင်း ရေကြီးနစ်မြုပ်မှုတွေကြောင့် ဇလွန်၊ သာပေါင်း၊ ပန်းတနော်နဲ့ ဟင်္သာတမြို့နယ်တွေမှာ ကျေးရွာတာတမံတွေ ကျိုးပေါက်ခဲ့ပြီး လယ်ဧကအများအပြားပျက်စီးခဲ့ရသလို ကွမ်း၊ ငရုပ် စတဲ့ရာသီသီးနှံတွေပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ရေကြီးနစ်မြုပ်မှုကြောင့် စပါးအထွက်နည်းခဲ့သလို စပါးဈေးနှုန်းကလည်း ကျဆင်းနေတာကြောင့် ဒီနှစ် စိုက်ဘဏ်ချေးငွေ ပြန်ဆပ်နိုင်ဖို့ အခက်အခဲဖြစ်နေရတယ်လို့ စိုက်ဘဏ်ချေးငွေယူထားတဲ့ လယ်သမားတွေက ဆိုကြပါတယ်။

 

“ဆုံးတဲ့အကွက်လည်းဆုံးတယ်။ ထွက်တဲ့အကွက်ကလည်း နည်းတယ်ပေါ့။ စိုက်စရိတ်က ၁၃ သိန်းလောက်ကျတာလေ။ ထွက်တာနဲတော့ တစ်ဧကမှ ရှစ်သိန်းကျော်လောက်ပဲဆိုတော့ ရှုံးတာပေါ့” လို့ ဇလွန်မြို့နယ်မှာရှိတဲ့ အသက် ၄၀ ကျော် လယ်သူတစ်ဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ စက်တင်ဘာရေဘေးဒဏ်တို့ကြောင့် ဆန်နဲ့ ပြောင်းထွက်နှုန်း သိသိသာသာကျဆင်းမယ့်အကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့(FAO)က ခန့်မှန်းထားတယ်လို့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြပါတယ်။

 

ဒါ့အပြင် နိုင်ငံတွင်းမှာ စားနပ်ရိက္ခာဖူလုံရေး အခြေအနေဟာလည်း စိုးရိမ်စရာဖြစ်နေပြီး လူဦးရေ ၁၃ သန်းကျော်ဟာ အစားအသောက်ပြတ်လပ်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရကာ အဲဒီထဲက ၂ ဒသမ ၇ သန်းလောက်ဟာ အရေးပေါ်အခြေအနေမှာ ရှိနေတယ်လို့ အဲဒီအစီရင်ခံစာအရ သိရပါတယ်။

 

ဓာတ်ပုံ – လဂွန်းအိမ်

 

ပုံစာ – ညောင်တုန်းမြို့နယ်အတွင်းရှိ ရိတ်သိမ်းဆဲ စပါးစိုက်ခင်းကိုတွေ့ရစဉ်(ပုံဟောင်း)