အင်းလေးဒေသမှာ သောက်သုံးရေ ရှားပါးနေ

Published on Oct 18, 2024

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ တစ်လကျော်ကြာ စံချိန်တင်ရေကြီးခဲ့ပြီးနောက် လက်ရှိမှာ သောက်သုံးရေ ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး အင်းလေးဒေသမှာ အင်းလေးကန်နဲ့ ထိစပ်နေတဲ့ ရွာ ၁၇၀ ကျော် ရေနစ်မြုပ်ခဲ့ပါတယ်။

 

အဲဒီ သက်ရောက်မှုတွေကြောင့် အင်းလေးဒေသ ကျေးရွာတွေမှာ ရေသန့်၊ ရေကြည် ရရှိဖို့ ခက်ခဲနေတာဖြစ်တယ်လို့ အင်းလေးဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

“တစ်အင်းလုံးမှာ  ရှိနေပါသေးတယ် ရေက။ လျော့သွားလို့ နေသာရုံရှိပေမဲ့ ‌သုံးနေကျ ရေအရင်းအမြစ်တွေ အများစု ပြန်မရကြသေးဘူး။ ခပ်ဖို့သုံးဖို့ ခက်ခဲနေဆဲပါ။ သွားလာ နေထိုင် ရေအိမ် (အိမ်သာ)တွေကအစ အဆင်မပြေကြသေးပါဘူး” လို့ ၎င်းက ရှင်းပြပါတယ်။

အင်းလေးဒေသဟာ အဝီစိရေ၊ ရေတွင်း၊ ရေစစ်ကန်နဲ့ ချောင်းရေစစ်ကန်တွေကို အားထားသုံးစွဲနေရတဲ့ ဒေသဖြစ်ပြီး အခုလို ရေကြီးခဲ့တာကြောင့် သောက်သုံးရေ ခက်ခဲတာလို့ ဒေသခံတွေက ဆက်ပြောပါတယ်။

“အခက်အခဲ ရှိနေဆဲပါ။ ရေက လေးပေကျော်ကျော် ကျထားတော့ကာ အရင်းအမြစ်တွေ တချို့ပြန်ရလာပြီ ဆိုပေမဲ့ သုံးဖို့ ခက်ခဲနေသေးသလို အားလုံးရနိုင်ဖို့လည်း ခက်ခဲနေပါသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရေသန့်အလှူရှင်တွေ လှူထားတဲ့ ရေသန့်လက်ကျန်တွေကို မျှဝေသုံးစွဲနေရသလို စမ်းရေ၊ ရေထွက်နဲ့ အဝီစိရေ မရနိုင်တဲ့ နေရာတွေမှာ ရေသန့်ဆေးပြားတွေကို သုံးစွဲနေရပြီး ဆေးပြားတွေဟာ အလွယ်တကူ ဝယ်ယူလို့ မရတဲ့အပြင် ဈေးကြီးမြင့်တယ်လို့ သိရပါတယ်။

အဲဒီလို သောက်သုံးရေ ရှားပါးနေတဲ့အပြင် လက်ရှိမှာ အင်းလေးဒေသခံတချို့  ယားနာတွေနဲ့ ဖျားနာတာ စတဲ့ အရေပြားရောဂါတွေ ခံစားနေရပြီး ဆိုးဆိုးရွားရွား လူသေဆုံးတာတော့ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အင်းလေးဒေသမှာ ၁၉၉၂ ခုနှစ်က စံချိန်တင် ရေကြီးမြင့်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်မှာလည်း ရေကြီး၊ ရေလွှမ်းတဲ့ ဒဏ်ကို ခံခဲ့ရဖူးပါတယ်။

ဒါပေမဲ့ သမိုင်းတစ်လျှောက် ၁၉၉၂ ခုနှစ်က ရေကြီးခဲ့တဲ့ စံချိန်ဟာ အခု ၂၀၂၄ ခုနှစ်မှာ ကျိုးပျက်ခဲ့ပြီး ရေကြီးမှုဟာ အင်းလေးရေပြင်အထက် ရှစ်ပေခန့် ပိုမြင့်တက်ခဲ့တာကြောင့် မကြုံဖူးတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကတော့ ရှမ်းပြည်နယ်ထဲက ရေဘေးသင့်သူတွေကို ကူညီထောက်ပံ့ရေး လုပ်ပေးမယ်လို့ RFA ကို စက်တင်ဘာလ ၁၆ ရက်နေ့က ပြောထားပေမဲ့ အနယ်နယ်အရပ်ရပ်က ရေဘေးကူညီသူတွေဟာ တားမြစ်ကန့်သတ်မှုတွေ ကြုံတွေ့နေရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ရေသန့်ရရှိဖို့ လုပ်ဆောင်နေကြပုံ