ဒီပဲယင်း တိုက်ပွဲမှာ စစ်ကောင်စီ မိုင်းစစ်ဆင်ရေး အဓိကတာဝန်ရှိသူကို ဖမ်းဆီးရမိ၊ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထား

Author မင်းထက်
Categories
Published on Oct 18, 2024

ဒီပဲယင်းမြို့အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က မိုင်းစစ်ဆင်ရေး အဓိကတာဝန်ရှိသူကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိထားတယ်လို့ တိုက်ပွဲအတွင်းပါ၀င်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

 

အောက်တိုဘာ ၁၇ ရက်နေ့၊ နံနက် ၈ နာရီ၀န်းကျင်က ဒီပဲယင်းမြို့အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကင်းလှည့်ထွက်ခွာလာချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်ခဲ့ပါတယ်။

 

“သူတို့တပ်စွဲရာ စခန်းနဲ့ နီးတော့ ခုနှစ်ယောက်လောက်ပဲ ထွက်လာတာ။ သူတို့က ကင်းလှည့်ထွက်မယ်လို့ သတင်းရလို့ စောင့်ပြီး ပစ်ခတ်မှု ၁၅ မိနစ် လောက်ဖြစ်ခဲ့တာ။ အဲဒီမှာ ဖမ်းမိတဲ့သူကိုတော့ စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းပြီး စောင့်ကြည့်နေတာပေါ့ဗျာ”လို့ အဖြူ​ရောင် DPY အဖွဲ့ရဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

 

အဲဒီလို တိုက်ခိုက်မှုခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ၄င်းတို့ တပ်စွဲထားရာ နေရာကို ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး မိုင်းစစ်ဆင်ရေး အဓိက တာဝန်ရှိသူတစ်ဦးကို ဖမ်းမိခဲ့ပါတယ်။

 

အဲဒီနေ့ တိုက်ပွဲအပြီး ည ၉ နာရီခွဲခန့်မှာ  စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ အဖြူ​ရောင် DPY အဖွဲ့နဲ့  ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတွေထံက သိရပါတယ်။ လက်ရှိမှာတော့ မိုင်းစစ်ဆင်ရေး အဓိကတာဝန်ရှိသူကို စစ်ဥပဒေအတိုင်း ထိန်းသိမ်းထားပြီး စစ်ဆေး၊ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

 

“အခုလို တိုက်ခံရတော့ ကာကွယ်ရေးအဖွဲ့တွေ ရှိမယ်အထင်နဲ့ ပစ်တာဖြစ်မယ်။ လူအထိခိုက်တော့မရှိဘူး။ အဆောက်အအုံ တချို့ထိခိုက်တာတော့ရှိတယ်”လို့ အဖြူ​ရောင် DPY က ရဲဘော်တစ်ဦးက ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့မှာ ဒီပဲယင်းမြို့ကို ရွှေဘိုခရိုင်အမှတ် (၁) ကွပ်ကဲရေးရုံးကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့ နာရီပိုင်းအကြာမှာ စစ်ကောင်စီက မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းကပါ ပြန်လည်တိုက်ခိုက်ပြီး ထိန်းချုပ်ခဲ့ပါတယ်။

 

လက်ရှိ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းဟာ ဒီပဲယင်း မြို့မရဲစခန်း၊ စာသင်ကျောင်းနဲ့ ဇွဲစားသောက်ဆိုင် အဆောက်အအုံနေရာတွေမှာ တပ်စွဲထားတယ်လို့ သိရပြီး မြို့ပေါ်နဲ့ ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးရုံသာမက လေကြောင်းတိုက်ခိုက်မှုတွေကိုပါ မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

 

ဓာတ်ပုံ – အဖြူ​ရောင် DPY

 

ပုံစာ – ဖမ်းမိသုံ့ပန်းနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်၊ ကျည်ကို တွေ့ရစဉ်။