ဂါဇာစစ်ပွဲစတင်စေခဲ့သူ ဟားမက်စ်ခေါင်းဆောင် ဆင်ဝါသေဆုံးပြီးနောက် အစ္စရေးကို ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ ဟစ်ဇ်ဘိုလာတွေဆို

Author အဂ္ဂ
Categories
Published on Oct 18, 2024

အောက်တိုဘာ ၇ ဂါဇာစစ်ပွဲစတင်စေခဲ့သူလို့သတ်မှတ်ထားကြတဲ့ ဟားမက်စ်အဖွဲ့ခေါင်းဆောင်ကို သတ်ဖြတ်လိုက်နိုင်ပြီလို့ ယမန်နေ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ အစ္စရေးဘက်က အတည်ပြုပြောဆိုပါတယ်။

 

အဲဒီနောက် လက်ဘနွန်မှာ အစ္စရေးနဲ့ စစ်ပွဲဆင်နွှဲနေတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က စစ်ပွဲကို နောက်တစ်ဆင့်တက်ပြီး ပြင်းပြင်းထန်ထန် ပိုမိုဆင်နွှဲသွားမယ်လို့ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာပဲ ထုတ်ပြောလိုက်ပါတယ်။

 

ဟားမက်စ်ခေါင်းဆောင် ယာယာဆင်ဝါကို အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြီးခဲ့တဲ့အောက်တိုဘာ ၁၆ ရက်နေ့ ပါလက်စတိုင်းနယ်မြေထဲက စစ်ဆင်ရေးတစ်ခုအတွင်းမှာ ရှင်းလင်းသတ်ဖြတ်လိုက်တာလို့ အစ္စရေးဘက်က ဆိုထားပါတယ်။

 

ဒါကြောင့် အရှေ့အလယ်ပိုင်းပဋိပက္ခဟာ ပိုမိုဆိုးရွားလာမယ့် အခြေအနေရှိနေတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ သုံးသပ်ရေးသားနေကြပါတယ်။

 

တစ်ချိန်တည်းမှာပဲ အီရန်နိုင်ငံကလည်း ဟားမက်စ်ခေါင်းဆောင် ယာယာဆင်ဝါသတ်ဖြတ်ခံရပြီးနောက် ခုခံတွန်းလှန်ရေးစိတ်ဓာတ် ပိုမိုအားကောင်းလာမယ်လို့ ပြောဆိုပါတယ်။

 

ယာယာဆင်ဝါဟာ ဂါဇာစစ်ပွဲကို ဖြစ်စေခဲ့တဲ့ ဟားမက်စ်တို့ရဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် အစ္စရေးတိုက်ခိုက်မှုကို ဦးဆောင်ညွှန်ကြားခဲ့သူဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

 

ဟားမက်စ်တို့ရဲ့ အဓိကခေါင်းဆောင် အခုလိုမျိုး ကျဆုံးသွားတာဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခအဆုံးသတ်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ အနောက်နိုင်ငံ ခေါင်းဆောင်တွေက ပြောဆိုကြပေမဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကတော့ ဟားမက်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံး ပြန်ပြီးလွတ်မြောက်မလာမချင်း စစ်ပွဲဆက်ဖြစ်နေမှာလို့ ပြောဆိုခဲ့ပါတယ်။

 

“ဒီကနေ့မှာ ကျွန်တော်တို့စာရင်းရှင်းလိုက်နိုင်ပါပြီ။ ဒီကနေ့မှာပဲ မကောင်းဆိုးဝါးကို ထိုးနှက်နိုင်လိုက်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တာဝန်က မပြီးဆုံးသေးပါဘူး” ဆိုပြီး ယာယာဆင်ဝါသေဆုံးကြောင်း ယမန်နေ့က အတည်ပြုနိုင်ပြီးတဲ့နောက်မှာ ဗီဒီယိုမိန့်ခွန်းထဲမှာ နေတန်ညာဟုက ပြောဆိုခဲ့တာပါ။

 

ဒါ့အပြင် “ချစ်ခင်ရတဲ့ ဓားစာခံတွေရဲ့ မိသားစုဝင်များခင်ဗျာ။ ဒီအချိန်ဟာ စစ်ပွဲအတွက်အရေးကြီးတဲ့ အချိန်ပါ။ ခင်ဗျားတို့ချစ်ရတဲ့၊ ကျွန်တော်တို့ ချစ်ရတဲ့ သူတွေအားလုံး အိမ်ပြန်ရောက်လာတဲ့အထိ အားအင်အပြည့်နဲ့ ဆက်လက်တိုက်ခိုက်သွားမှာပါ” လို့လည်း သူက ထပ်ပြောခဲ့ပါသေးတယ်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း နေတန်ညာဟုကို ဖုန်းဆက်ပြီး ဆင်ဝါသေဆုံးမှုအပေါ် ဂုဏ်ပြုစကားပြောဆိုခဲ့သလို သူသေဆုံးမှုဟာ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့နဲ့ အစ္စရေး ဓားစာခံတွေ အိမ်ပြန်ရောက်နိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမီလာကလည်း အပစ်အခတ်ရပ်စဲဖို့နဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ကိစ္စ ဆွေးနွေးမှုတစ်ခု စတင်လုပ်ဆောင်လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ညှိနှိုင်းဆွေးနွေးဖို့ ငြင်းဆန်ခဲ့တဲ့ ယာယာဆင်ဝါဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် အဓိကအဟန့်အတားဖြစ်စေခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း စစ်ပွဲအဆုံးသတ်ဖို့ရည်ရွယ်ပြီး ဆော်ဒီအာရေဗျ၊ ကာတာနိုင်ငံခေါင်းဆောင်တွေနဲ့ ယမန်နေ့တုန်းက ဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့သေးတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

လက်ရှိမှာတော့ ဟားမက်စ်ဘက်က ယာယာဆင်ဝါသေဆုံးကြောင်း တရားဝင်ပြောဆိုတာမျိုး မရှိသေးပေမဲ့ အဖွဲ့ထဲက သတင်းရင်းမြစ်တချို့ကတော့ သူတို့တွေ့ရတဲ့ သက်သေအထောက်အထားတွေအရ ယာယာဆင်ဝါအမှန်တကယ် သေဆုံးသွားတာဖြစ်တယ်လို့ ဆိုကြပါတယ်။

 

အခုလို ယာယာဆင်ဝါသေဆုံးမှုကြောင့် အရှေ့အလယ်ပိုင်းပဋိပက္ခဟာ အပစ်ရပ်သွားနိုင်သလို ပိုမိုဆိုးရွားတဲ့ အနေအထားမျိုးအဖြစ် ပြောင်းလဲသွားနိုင်သလို မသေချာမရေရာတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

 

ဓာတ်ပုံ – REUTERS/Mohammed Salem/File Photo

 

ကိုးကား – Reuters