ရုရှားနဲ့ အီရန် သမ္မတတို့ မိတ်ဖက်စာချုပ် ချုပ်ဆိုဖို့ ကရင်မလင်မှာ တွေ့ဆုံ

Author CJ Platform
Categories
Published on Jan 18, 2025

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အီရန်သမ္မတ မာဆုဒ်ပီဇက်ရှ်ခီယန်တို့ဟာ ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့က ရုရှားနိုင်ငံ ကရင်မလင်နန်းတော်မှာ တွေ့ဆုံခဲ့ကြတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

 

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံထားကြရတဲ့ နိုင်ငံအချင်းချင်းကြား မိတ်ဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေဖို့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ကြမဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြဖို့ အခုလို ‌တွေ့ဆုံကြတာဖြစ်တယ်လို့ သိရပါတယ်။

 

“အလုံးစုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်” ဟာ ကုန်သွယ်ရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေးကနေ သိပ္ပံပညာ၊ ပညာရေးနဲ့ ယဉ်ကျေးမှု‌တွေအထိ နယ်ပယ်အားလုံးအကျုံးဝင်တယ်လို့ ရုရှားဘက်က ပြောပါတယ်။

 

လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့ တနင်္လာနေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်အဖြစ် ထရမ့်ကျမ်းသစ္စာကျိန်ဆိုမဲ့နေ့ မတိုင်ခင် အီရန်သမ္မတကရုရှားကို ရောက်လာတာလည်း ဖြစ်ပါတယ်။

 

ထရမ့်ဟာ သူသမ္မတဖြစ်ပြီး မကြာခင်မှာ ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်တန့်မယ်လို့ ကတိပြုပြောဆိုထားသလို အီရန်အပေါ်မှာလည်း တင်းမာတဲ့ ရပ်တည်ချက် သဘောထားရှိသူ ဖြစ်ပါတယ်။

 

လက်ရှိမှာ အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဩဇာကျဆင်းနေပြီး ကြီးထွားလာနေတဲ့ စီးပွားရေး ပြဿနာတွေ၊ စစ်ရေးအရ ဆုတ်ယုတ်မှုတွေ အပါအဝင် အခြားစိန်ခေါ်မှုတွေ အများအပြားကိုလည်း ရင်ဆိုင်နေရပါတယ်။

ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်ကော့ဗ်ကတော့ စာချုပ်ချုပ်ဆိုမှုဟာ ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ ပြောဆိုချက်ကို ပယ်ချခဲ့ပြီး အချိန်အတော်ကြာကတည်းက စာချုပ်ချုပ်ဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။

 

အီရန်သမ္မတကို ကြိုဆိုလက်ခံပြီး စာချုပ်အတွက် ဆွေးနွေးပြီးနောက်မှာ ပူတင်က “သဘောတူစာချုပ်အသစ်ဟာ ကျွန်တော်တို့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးမှာ လက်တွေ့ကျကျ လုပ်ဆောင်ဖို့ တွန်းအားတစ်ခု ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ အာဏာရယူပြီးနောက် ပူတင်နဲ့ သုံးကြိမ်မြောက်အဖြစ် တွေ့ဆုံခဲ့တဲ့ ပီဇက်ရှ်ခီယန်ကလည်း “စာချုပ်ဟာ ကျွန်တော်တို့ရဲ့ လာမယ့် လုပ်ဆောင်ချက်တွေအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်”လို့ ဆိုပါတယ်။

 

ဒါ့ပြင် အီရန်သမ္မတက ဒေသတွင်းက နိုင်ငံတွေဟာ သူတို့တွေရဲ့ ပြဿနာတွေကို သူတို့တွေကိုယ်တိုင်ပဲ ဖြေရှင်းသင့်တယ်လို့ အလေးပေးပြောဆိုခဲ့ပြီး ပြင်ပတပ်ဖွဲ့တွေရှိနေတာဟာ တင်းမာမှုတွေကို ပိုမိုဆိုးရွားစေပြီး အခြေအနေကို မတည်မငြိမ်ဖြစ် စေတယ်လို့ အမေရိကန်ကို ထင်ရှားတဲ့ဥပမာအဖြစ် ပြသပြီး ဖြည့်စွက်ပြောပါတယ်။

 

“သူတို့တွေ (အမေရိကန်) ဟာ ဒေသတွင်း မငြိမ်မသက်ဖြစ်အောင်လုပ်ဖို့ ကမ္ဘာရဲ့ ဟိုဘက်ခြမ်းကနေ လာခဲ့ကြတာပါ။ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေက သူတို့တွေရဲ့ အကြံအစည်တွေကို ကာကွယ်ထိန်းသိမ်းနိုင်မှာ အသေအချာပါပဲ”လို့  ပီဇက်ရှ်ခီယန်က ဆက်ပြောပါတယ်။

 

ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ထိုးစစ်ဆင်ပြီးနောက်ပိုင်း အီရန်နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံခဲ့ပါတယ်။ ယူကရိန်းကို တိုက်ခိုက်ဖို့အတွက် ဒရုန်းရာချီကိုလည်း အီရန်က ရုရှားဘက်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက စွပ်စွဲပြောဆိုခဲ့ပေမဲ့ နှစ်နိုင်ငံစလုံးကတော့ ငြင်းဆိုထားပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ အီရန်က ဖွံ့ဖြိုးဆဲနိုင်ငံတွေပါဝင်တဲ့ BRICS အစုအဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး ရုရှားက အိမ်ရှင်အဖြစ် ကာဇန်မြို့မှာ ကျင်းပတဲ့ BRICS ရဲ့ ထပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။

 

ရုရှားနဲ့ အီရန်တို့ဟာ အတိတ်တုန်းက ဆိုးရွားတဲ့ ဆက်ဆံရေးရှိခဲ့ပေမဲ့ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ရင်းနှီးတဲ့ ဆက်ဆံရေးကို ဖော်ဆောင်ခဲ့ကြပါတယ်။

 

အဲဒီနောက်မှာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေနဲ့ အထိနာနေတဲ့ အီရန်အတွက် ရုရှားက အဓိကကုန်သွယ်ဖက်နဲ့ လက်နက်နဲ့ နည်းပညာတွေ ထောက်ပံ့ပေးတဲ့ နိုင်ငံဖြစ်လာပါတယ်။

 

ရုရှားဟာ အီရန်ရဲ့ ပထမဦးဆုံး နျူးကလီးယားစက်ရုံကို တည်ဆောက်ပေးခဲ့ပြီး အဲဒီစက်ရုံဟာ ၂၀၁၃ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပါတယ်။ လက်ရှိမှာလည်း အဲဒီနေရာမှာပဲ နောက်ထပ် နျူးကလီးယား ဓာတ်ပေါင်းဖိုနှစ်ခုကို တည်ဆောက်နေပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အဏုမြူဗုံး ထုတ်လုပ်မှုရပ်တန့်ခဲ့ရင် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု လျှော့ချပေးမယ်ဆိုပြီး အီရန်နဲ့ နျူးကလီးယားအင်အားကြီး ခြောက်နိုင်ငံကြား သဘောတူညီခဲ့တုန်းက ရုရှားနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။

 

ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ပထမသက်တမ်းမှာ အမေရိကန်ပြည်ထောင်စုက သဘောတူညီချက်ကနေ တစ်ဖက်သတ်နုတ်ထွက်သွားတဲ့ အခါမှာတော့ ရုရှားက အီရန်ကို နိုင်ငံရေးအရ ကူညီမှုတွေပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

 

ရုရှားနဲ့ အီရန်တို့ဟာ ဆီးရီးယားပြည်တွင်းစစ် ကာလမှာ အာဏာရှင် အာရှာအာဆဒ်အစိုးရကို တက်ညီလက်ညီ ထောက်ပံ့ကူညီခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာပဲ တော်လှန်ရေးအဖွဲ့တွေရဲ့ လျင်မြန်တဲ့ ထိုးစစ်ကြောင့် အာဆတ်အစိုးရပြုတ်ကျပြီး အာဆဒ်ဟာ မိသားစုနဲ့အတူ ရုရှားနိုင်ငံမှာ ခိုလှုံနေရပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသတွင်းမှာ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဂါဇာက ဟားမက်စ်အဖွဲ့နဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာအုပ်စုတို့ကို အစ္စရေးက အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ အာဆတ်ပြုတ်ကျသွားတာက “ခုခံကာကွယ်ရေး မဟာမိတ်” တွေလို့ ကိုယ်တိုင်ပြောဆိုခဲ့တဲ့ အီရန်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်လည်း ဖြစ်ပါတယ်။

 

အစ္စရေးဘက်က အီရန်ကိုလည်း နှစ်ကြိမ်တိတိ တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိမှာ ဒေသတွင်း ဩဇာကျဆင်းလာမှုနဲ့ အကျပ်အတည်း စိန်ခေါ်မှုအများအပြား ရင်ဆိုင်နေရတဲ့ အီရန်အတွက် ရုရှားရဲ့ အကူအညီကို ပိုမိုလိုအပ်နေပြီး အီရန်အ‌ပေါ် သဘောထားတင်းမာတဲ့ ထရမ့် သမ္မတသစ် ဖြစ်လာတာက အီရန်အပေါ် နောက်ထပ်ဖိအားတွေ ကြုံတွေ့လာရနိုင်ပါတယ်။

 

အီရန်ဟာ အစ္စရေးဘက်က တိုက်ခိုက်လာနိုင်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ရုရုားရဲ့ တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ တိုက်လေယာဉ်တို့လို ခေတ်မီဆန်းပြားတဲ့ လက်နက်တွေကို အဓိက အလိုရှိနေပါတယ်။

 

ဓာတ်ပုံ- Vyacheslav Prokofyev, Sputnik, Kremilin Pool Photo Via AP

 

ပုံစာ- ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အီရန်သမ္မတ မာဆုဒ်ပီဇက်ရှ်ခီယန်တို့ကို ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့က ရုရှားနိုင်ငံ ကရင်မလင်နန်းတော်မှာ အတူတွေ့မြင်ရစဉ်

 

ကိုးကား- AP News