ညောင်တုန်းက မော်တော်ယာဉ်ပိုင်ရှင်တွေစုပြီး စစ်ကောင်စီအတွက် ကုန်ကား နှစ်စီးဝယ်ပေးရဖို့ရှိ
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ ကုန်တင်ကားတွေကို စစ်ကောင်စီက လိုအပ်တဲ့အချိန် အဆင်သင့်ဖြစ်နေဖို့နဲ့ နေ့စဉ်အလှည့်ကျ အနည်းဆုံး နှစ်စီး ထားပေးရမယ်လို့ အဓမ္မချောဆွဲ စေခိုင်းတာကြောင့် အခုနှစ် ဇန်နဝါရီလဆန်းက စတင်ပြီး မော်တော်ယာဉ်ပိုင်ရှင်တွေ စုပေါင်းကာ ကုန်ကား နှစ်စီး ဝယ်ပေးရဖို့ ရှိနေတယ်လို့ CJ Platform အနေနဲ့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကတည်းက စစ်ကောင်စီက ဖိအားပေးတောင်းခံတာကြောင့် လုပ်ငန်းအဆင်ပြေပြေ လည်ပတ်နိုင်ဖို့အတွက် ကုန်တင်ယဉ်ပိုင်ရှင်များအသင်း (ညောင်တုန်း) က ဦးဆောင်ပြီး အခုလို ကုန်ကားတွေ ဝယ်ပေးထားဖို့ စီစဉ်လာရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကားထိုးပေးထားရမယ်ဆိုရင် အလုပ်မှာ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အခုလို စီစဉ်လိုက်တာ ကောင်းပါတယ်။ မလုပ်ပေးလို့လည်း မရဘူးလေ။ သူတို့က (စစ်ကောင်စီ) အာဏာနဲ့ လုပ်ချင်တိုင်းလုပ်လို့ ရနေတာ”လို့ ဒီအကြောင်း သိရှိထားသူ CJ Platform ရဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ကုန်တင်ယာဉ်ပိုင်ရှင်များအသင်း (ညောင်တုန်း) က ကောက်ခံတဲ့နှုန်းထားမှာ ကုန်တင်ယာဉ် ၁၀ ပေ ကနေ ၁၆ ပေအောက် တစ်စီးကို သုံးသိန်းကျပ်ကောက်ခံပြီး ၁၆ ပေနဲ့အထက်ကို ခြောက်သိန်းကျပ် ကောက်ခံတယ်လို့သိရပြီး ယာဉ်မောင်းကို အသင်းကသာ ငှားရမ်းထည့်ပေးမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းကောင်းကောင်း လည်ပတ်နိုင်ဖို့နဲ့ မြို့နယ်အတွင်း ကုန်စည်ပြတ်လပ်မှုတွေ မဖြစ်ပေါ်စေဖို့ အခုလို စီစဉ်ဆောင်ရွက်ရတာဖြစ်ပြီး ဝယ်ပေးရမဲ့ ကုန်ကားနှစ်စီးဟာ ကုန်တင်ယာဉ်ပိုင်ရှင်များအသင်း အပိုင်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
“နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်လုပ်တဲ့ ပုံစံမျိုးပေါ့။ ကားသမားတွေ အတွက်လည်း တာယာတစ်လုံးဖိုးတောင် မရှိဘူးလေ။ ဘယ်နေရာကို သွားရမယ် ဘာတွေတင်ပြီး ဘယ်ကိုပို့ရမယ် ဆိုတာကိုလည်း မသိရဘူးလေ” လို့ ကုန်တင်ယာဉ်ပိုင်ရှင်များအသင်းနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ ကုန်တင်ကား တစ်စီးဝယ်ယူထားပြီး ဖြစ်တယ်လို့ သိရှိရပြီး နောက်ထပ်တစ်စီး ဝယ်ယူနိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
ညောင်တုန်းမြို့နယ်က စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးကတော့ ကုန်တင်ယာဉ်တွေ ပေးထားရမှာ ဖြစ်တယ်ဆိုတာကို အတည်ပြုထားပြီး မြို့နယ်က စီစဉ်တာဖြစ်တဲ့အတွက် အသေးစိပ်ကို မသိရှိရသေးဘူးလို့ CJ Platform ကို ပြောပါတယ်။
အာရက္ခတပ်တော်က (AA) က ဂွမြို့ကို သိမ်းပိုက်ပြီးချိန်ကစလို့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ မော်တော်ယာဉ်တွေကို ချောဆွဲကာ အလှည့်ကျစနစ်နဲ့ အနည်းဆုံးနှစ်စီး ထားပေးရမယ်လို့ စေခိုင်းထားပြီး မလုပ်ဆောင်တဲ့ မြို့နယ်က ကုန်ကားတွေကို ရပ်နားခိုင်းတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက ကုန်တင်ယာဉ် အလှည့်ကျ မထိုးပေးတာကြောင့် စစ်ကောင်စီဟာ ပုသိမ်မြို့ရှိ ကုန်တင်ကားတွေကို ရပ်နားခိုင်းခဲ့ပြီး ရပ်ထားတဲ့ကားတွေကို ဂွမြို့အနီးကို ချောဆွဲ ခေါ်ဆောင်သွားတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကားတချို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာ၊ မိုင်းဆွဲခံရတာတွေ များလာတာကြောင့် အခုလို ကုန်ကားနဲ့ ဖောကားလို ကားအမျိုးအစားတွေကို ချောဆွဲ အသုံးပြီး စစ်ဆင်ရေးထွက်တာတွေအပြင် တပ်မိသားစုတွေ နေရာအပြောင်းအရွှေ့တွေမှာ အသုံးပြုဖို့ လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ စစ်ကောင်းစီတပ်နဲ့ နီးစပ်သူတစ်ဦးက သုံးသပ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
ပုံစာ – ရန်ကုန်ရှိ ဘုရင့်နောင်ကုန်စည်ဝန်းအတွင်းက ကုန်ကားတွေကို တွေ့ရစဉ် (ပုံဟောင်း)