ဥရောပထိပ်တန်းလိဂ်ပွဲတွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ
ဘရန့်ဖိုဒ့် – လီဗာပူးလ် (စနေည ၉ နာရီခွဲ)
ဘရန့်ဖိုဒ့်အသင်းဟာ အိမ်ကွင်းကစားအားကောင်းမွန်တဲ့ အသင်းဖြစ်ပြီး ဒီရာသီမှာ အိမ်ကွင်း ရှုံးပွဲ နှစ်ပွဲတည်းသာ ရှိထားတဲ့အသင်းပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း မန်စီးတီးကို နှစ်ဂိုးအရှုံးကနေ နှစ်ဂိုးစီသရေရအောင် လိုက်ကစားနိုင်ခဲ့တာကြောင့် လီဗာပူးလ်ကိုလည်း အခက်တွေ့စေဦးမှာ သေချာပါတယ်။
လီဗာပူးလ်ကတော့ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် နှစ်ပွဲဆက်မှာ မန်ယူနဲ့ နော်တင်ဟမ်ဖောရက်စ်ကို သရေကျထားတာကြောင့် ဒုတိယနေရာကအသင်းနဲ့ အမှတ်ကွာဟမှု ကျဉ်းမြောင်းလာခဲ့ပြီဖြစ်လို့ မဖြစ်မနေ နိုင်ပွဲပြန်လည်ရှာဖွေဖို့ လိုအပ်နေခဲ့ပါပြီ။
လီဗာပူးလ်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဆာလားကလည်း နှစ်ပွဲဆက် ဂိုးပေါက်ပျောက်ထားတဲ့ အခြေအနေကို တွန်းလှန်နိုင်ဖို့ ပြင်ဆင်ထားမှာပါ။ ပထမအကျော့တုန်းက အန်ဖီးလ်မှာ လီဗာပူးလ်က နှစ်ဂိုးပြတ် အနိုင်ရထားပါတယ်။
ဒီပွဲမှာလည်း ဘရန့်ဖိုဒ့်ရဲ့ အိမ်ကွင်းမာကျောမှုကြောင့် လီဗာပူးလ် ရုန်းရနိုင်တယ်ဆိုပေမဲ့ ပရီးမီးယားလိဂ် သုံးပွဲဆက် နိုင်ပွဲပျောက်တယ် ဆိုတာမျိုးကို အာနေးဆလော့က အဖြစ်ခံမှာမဟုတ်လို့ အသည်းအသန် ရုန်းကန်ရင်း လီဗာပူးလ်တို့ နိုင်ပွဲရသွားနိုင်ပါတယ်။
ခန့်မှန်းချက် – ဘရန့်ဖိုဒ့် ၁-၂ လီဗာပူးလ်
****************************************
အာဆင်နယ် – အက်စတွန်ဗီလာ (တနင်္ဂနွေနံနက် ၁၂ နာရီ)
အာဆင်နယ်အတွက် တကယ့်ကို အရေးကြီးတဲ့ပွဲစဉ်ပါပဲ။ သုံးပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် ကြားရက်မှာကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ အနိုင်ရပြီး အသက်ရှုချောင်ခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဒီပွဲမှာ ရလဒ်ကောင်းမှ ဖြစ်မှာပါ။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံဆုကို ကပ်လွဲခဲ့ရာမှာ ဗီလာက အဓိက ရန်သူဖြစ်ခဲ့ပါတယ်။
မနှစ်က ဘောလုံးရာသီမှာ ဗီလာကို နှစ်ကျော့စလုံးရှုံးခဲ့တဲ့ အာဆင်နယ်ဟာ ဒီရာသီအစောပိုင်းက ပထမ အကျော့မှာတော့ ဗီလာပါ့ခ်ထိသွားပြီး အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာလည်း အနိုင်ရမှသာ အာဆင်နယ်အတွက် ဖိအားတွေကနေ ကင်းလွတ်ခွင့်ရမှာပါ။ ဗီလာကလည်း ခြေစွမ်းပိုင်း ယိမ်းယိုင်နေရာကနေ နောက်ဆုံး သုံးပွဲဆက် အနိုင်ကစားပြီး ပုံစံကောင်းပြန်ရနေပါတယ်။
ဗီလာနည်းပြ အူနိုင်း အမ်မရီအနေနဲ့ အာဆင်နယ်ရဲ့အိမ်ကွင်း အမ်းမရိတ်မှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားလာဦးမှာပါ။
ဒဏ်ရာရကစားသမားတွေ များပြားနေသလို အဓိက ကစားသမားတွေလည်း ပွဲပန်းနေတဲ့ အာဆင်နယ်အနေနဲ့ အိမ်ကွင်းမှာ သရေကျသွားတယ်ဆိုရင်လည်း အံ့ဩစရာရှိမယ် မထင်ပါဘူး။
ခန့်မှန်းချက် – အာဆင်နယ် ၁-၁ ဗီလာ
****************************************
မန်ယူ – ဘရိုက်တန် (တနင်္ဂနွေည ၈ နာရီခွဲ)
အိမ်ရှင် မန်ယူအသင်းကတော့ နည်းပြ အမော်ရင်လက်ထက်မှာ စိတ်ဓာတ်ရေးရာအရ အမြင့်ဆုံးအခြေအနေကို ရောက်နေပါတယ်။ လီဗာပူးလ်ကို အန်ဖီးလ်မှာသရေ၊ အာဆင်နယ်ကို အမ်းမရိတ်မှာ အနိုင်ယူခဲ့သလို ကြားရက်မှာလည်း ဆောက်သမ်တန်ကို နောက်ကလိုက်ကစားပြီး အာမတ်ရဲ့ ဟက်ထရစ်နဲ့ အနိုင်ယူခဲ့တာပါ။
လက်ရှိမှာ ပုံစံကောင်းရနေသလို ယုံကြည်မှုလည်း မြင့်တက်နေတာကြောင့် အိမ်ကွင်းမှာ ဘရိုက်တန်ကို အသာရသွားနိုင်ပါတယ်။ ဘရိုက်တန်ကလည်း နောက်ဆုံး ငါးပွဲမှာ ရှုံးပွဲမရှိထားဘူးဆိုပေမယ့် နှစ်ပွဲသာနိုင်ပြီး သုံးပွဲက သရေကျထားတာပါ။
ဘရိုက်တန်ဟာ အိမ်ကွင်းမာကျောမှုရှိပေမဲ့ အဝေးကွင်းရောက်ရင် အားနည်းသွားတတ်တာကြောင့် အိုးထရက်ဖိုဒ့်မှာ မန်ယူကို အသာရဖို့ မလွယ်ပါဘူး။ ပွဲကျပ်ကာလမတိုင်ခင်မှာ ရမှတ်စုဆောင်းမဲ့ မန်ယူတို့ ခက်ခက်ခဲခဲကစားပြီး အနိုင်သုံးမှတ်ရသွားပါလိမ့်မယ်။
ခန့်မှန်းချက် – မန်ယူ ၂-၁ ဘရိုက်တန်
****************************************
ဂီတာဖေး – ဘာစီလိုနာ (တနင်္ဂနွေ နံနက် ၂ နာရီခွဲ)
အိမ်ရှင် ဂီတာဖေးအသင်းကတော့ နောက်ဆုံးကစားထားတဲ့ ငါးပွဲမှာ သုံးပွဲနိုင် နှစ်ပွဲရှုံးပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ မှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။ ဂီတာဖေးဟာ တိုက်စစ်ပိုင်း အားနည်းလွန်းတဲ့အသင်းဖြစ်ပြီး ၁၉ ပွဲကစားပြီးချိန်မှာ တိုက်စစ်က ၁၃ ဂိုးသာ သွင်းထားနိုင်တာပါ။
ဘာစီလိုနာကတော့ ကြားထဲမှာ ရလဒ်ပိုင်း အနည်းငယ် ယိမ်းယိုင်သွားခဲ့တယ်ဆိုပေမယ့် နောက်ဆုံးလေးပွဲမှာ ၁၆ ဂိုးအထိသွင်းပြီး တိုက်စစ်အစွမ်းကို ပြထားပါတယ်။
ဘာစီလိုနာတိုက်စစ်က ယာမယ်လ်၊ ရာဖင်ညာနဲ့ လီဝန်ဒေါစကီးတို့ရဲ့ တိုးအားရုန်းအားကို ဂီတာဖေးအနေနဲ့ ပွဲချိန်ပြည့် တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ အဝေးကွင်း ဖြစ်ပေမဲ့ ဘာစီလိုနာတို့ သက်သောင့်သက်သာနဲ့ နိုင်ပွဲရသွားဖို့ ရှိနေပါတယ်။
ခန့်မှန်းချက် – ဂီတာဖေး ၀-၂ ဘာစီလိုနာ
****************************************
ရီးရဲလ်မက်ဒရစ် – လက်စ်ပါးမား (တနင်္ဂနွေည ၉ နာရီ ၄၅ မိနစ်)
ရီးရဲလ်ကတော့ နောက်ဆုံးကစားထားတဲ့ ငါးပွဲမှာ ဘာစီလိုနာကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ စပိန်စူပါ ဖလားဗိုလ်လုပွဲကလွဲရင် ကျန် လေးပွဲကို အနိုင်ကစားထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြားရက်မှာ ကစားခဲ့တဲ့ ကိုပါဒယ်ရေးပွဲမှာ ဆဲလ်တာဗီကိုအသင်းနဲ့ အချိန်ပိုထိ ကစားခဲ့ရလို့ ပွဲပန်းနေနိုင်တာကိုတော့ သတိပြုရမှာပါ။
ရီးရဲလ်ဟာ အသင်းကြီးတွေနဲ့တွေ့ချိန်မှာ ခက်ခဲနေပေမဲ့ နိုင်သင့် နိုင်ထိုက်တဲ့ ပွဲတွေမှာတော့ အမှားမရှိအောင် ကစားနိုင်တာ သတိပြုရမှာပါ။ ဗင်နီရှပ်နဲ့ ဘာပေးတို့ ဂိုးသွင်းခြေတွေ့နေသလို အရန်ခုံကနေ ထလာပြီး အန်းဒရစ်ကလည်း ဂိုးမြူးနေတာမို့ အိမ်ကွင်းမှာ အနိုင်သုံးမှတ်အတွက် ပူစရာမလိုလောက်တဲ့ အနေအထားပါ။
လက်စ်ပါးမားကတော့ နောက်ဆုံး နှစ်ပွဲဆက် ရှုံးထားပြီး ဒီရာသီ ၁၉ ပွဲကစားထားပြီးချိန်မှာ ၂၉ ဂိုးပေးထားရတဲ့ ခံစစ်နဲ့ ဘာနေဗျူးမှာ ဂိုးပြတ်မရှုံးအောင် အာရုံစိုက်ရမဲ့ အနေအထားပါ။ ပထမကျော့က အဝေးကွင်းမှာသရေကျခဲ့တဲ့ ရီးရဲလ်အနေနဲ့ ဒီပွဲမှာ အမှားခံတော့မှာ မဟုတ်လို့ ရီးရဲလ်ရဲ့ အနိုင်ဟာ ပြတ်သားသွားဖို့ ရှိနေပါတယ်။
ခန့်မှန်းချက် – ရီးရဲလ် ၃-၀ လက်စ်ပါးမား
ဓာတ်ပုံ – opta, Twitter