မင်္ဂလာဒုံ ဗဟိုတပ်ထိန်းဂိတ်ဝကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၂ ဦး သေဆုံးနိုင်လို့ဆို

Author ကိုထက်
Categories
Published on Jul 17, 2024

ရန်ကုန်မြို့က စစ်တပ်မြို့နယ်လို့လူသိများတဲ့ မင်္ဂလာဒုံက စစ်ကောင်စီရဲ့ ဗဟိုတပ်ထိန်းဂိတ်ဝကို မနေ့(ဇူလိုင်လ ၁၆ ရက်)ညပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က ထုတ်ပြန်ပါတယ်။

 

ယမန်နေ့ည ၈ နာရီကျော်က မင်္ဂလာဒုံ၊ ဝါယာလက်ရှိ ဗဟိုတပ်ထိန်းဂိတ်ဝကို အနောက်ပိုင်းခရိုင် ပကဖနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ဂိတ်စောင့်စစ်သားနှစ်ဦး သေဆုံးနိုင်တယ်လို့ Yangon Army က တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။

 

“ပြည်သူတွေ စစ်မှုထမ်းအကြောင်းပြ အမျိုးမျိုးဒုက္ခပေးနေတဲ့ စစ်‌ကောင်စီရဲ့ ဘယ်ထောက်တိုင်ကိုမဆို တိုက်ခိုက်သွားမှာပါ။ မနေ့ညက တိုက်ခိုက်ခဲ့မှုမှာတော့ စစ်သား နှစ်ယောက် သေဆုံးနိုင်ခြေများပါတယ်။ လက်ပစ်ဗုံးနဲ့ နှစ်ခါပစ်ခတ်ခဲ့တာပါ” လို့ ၎င်းက ပြောပါတယ်။

 

ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်သားတွေက ဝါယာလက်အနီးတစ်ဝိုက်ကို ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့လည်း မင်္ဂလာဒုံမြို့နယ် ဝါယာလက်ဘက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

“ညက ဗုံးပေါက်တာ နှစ်ကြိမ်တောင်ကြားလိုက်ရတယ်။ စစ်ကားတွေနဲ့ လမ်းတွေမှာ စစ်တာတွေလည်းရှိတယ်။ တပ်ထိန်းဂိတ်ဝမှာ ပေါက်တာလို့တော့ ပြောကြတယ်။ ဒဏ်ရာရတာ၊ သေဆုံးတာတော့ မသိဘူး” လို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်ကလည်း အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်ရှိ စစ်သားစုဆောင်းရေးတပ်လည်း ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

 

ဒါဟာ ဇွန်နဲ့ ဇူလိုင် နှစ်လအတွင်း လုံခြုံရေးအပြည့်ရှိနေတဲ့ တပ်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သုံးကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်ထဲက စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး စက်ရုံအတွင်း မီးလောင်ခဲ့ပါတယ်။

 

ဒါ့အပြင် ဇွန်လ ၃ ရက်ကလည်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာရဲ့  Slayers of Tyrants တပ်ခွဲမှ စစ်တပ်ပိုင် MEC နို့ချက်စက်ရုံ ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ထောက်ကြန့် ဓနသဟာယ စစ်သင်္ချိုင်းကိုတွေ့မြင်ရစဉ်