ခရိုနီမောင်ဝိတ် ကုမ္ပဏီလုပ်ကွက်မှ ပျောက်နေသူ ရုပ်အလောင်းအားလုံး သုံးရက်အကြာမှာ ပြန်တွေ့ ကုမ္ပဏီဘက်က တာဝန်ယူမှု တစ်စုံတစ်ရာထုတ်မပြောသေး

Author အညာသား
Categories
Published on Jul 17, 2024

ခရိုနီဦးမောင်ဝိတ်ပိုင် ကုမ္ပဏီကဖော်ဆောင်နေတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းခွင်အတွင်း တာကျိုးလို့ ပျောက်နေသူ ခုနစ်ဦးရဲ့ ရုပ်အလောင်းများအားလုံးကို သုံးရက်အကြာမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီလို့ ကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရပါတယ်။

 

ပျောက်နေသူများကို ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းကတည်းက ရှာဖွေခဲ့ပေမဲ့ ရှာမတွေ့ခဲ့သလို ဇူလိုင် ၁၅ ရက် တစ်နေ့လုံးမှာလည်း တစ်ဦးမှရှာမတွေ့ခဲ့ပါဘူး။

 

ယမန်နေ့ ဇူလိုင် ၁၆ ရက် မနက် ၉ နာရီ ၄၅ မိနစ်ခန့်မှ ရုပ်အလောင်းတစ်ဦး စတင်တွေ့ရှိခဲ့တာပါ။ အဲဒီနောက် မွန်းလွဲ ၁ နာရီခန့်မှာ ဒုတိယ ရုပ်အလောင်းတစ်ဦးတွေ့ရှိပြီးနောက် ညနေ ၄ နာရီနဲ့ ၅ နာရီကြားမှာ ရုပ်အလောင်း လေးဦးထပ်မံတွေ့ရှိကာ နောက်ဆုံးအမျိုးသားရဲ့ရုပ်အလောင်းကိုတော့ ညနေ ၆ နာရီကျော်မှာတွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအသိုင်းအဝိုင်းထံမှ သိရပါတယ်။

 

ဒါကြောင့် ရှာဖွေရေးလုပ်ငန်းများပြီးစီးခဲ့ပြီဖြစ်လို့ အဲဒီလုပ်ငန်းစဉ်ကို ရပ်ဆိုင်းလိုက်တဲ့အကြောင်း မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဇူလိုင် ၁၄ ရက် မနက် ၈ နာရီခွဲခန့်က ရေဆိုးထုတ် ပြွန်တည်ဆောက်နေစဉ် တာကျိုးလို့ လုပ်သား ဆယ်ဦးအနက် ခုနစ်ဦးပျောက်ဆုံးသွားတာပါ။

 

လုပ်ငန်းခွင်အတွင်း တာဝန်များဆောင်ရွက်နေရာမှ အခုလိုဘေးဒုက္ခကြုံတွေ့ပြီး အသက်ဆုံးရှုံးနစ်နာသူတွေနဲ့ပတ်သက်လို့ ဦးမောင်ဝိတ်ပိုင် Mandalay Business Capital City Development – MBCCD ကုမ္ပဏီဘက်က ဘယ်လိုတာဝန်ယူပေးမလဲဆိုတဲ့အခြေအနေကို ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

 

ဦးသိန်းစိန်လက်ထက်မှာ ခွင့်ပြုချက်ရခဲ့ပြီး NLD လက်ထက်မှ စတင်အကောင်အထည်ဖော်ခဲ့တဲ့ အမရပူရမြို့သစ်စီမံကိန်းကို အမရပူရမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရှမ်းကလေးကျွန်းရွာအပါ အဝင် မြစ်အတွင်းရှိ မြေနုကျွန်း၊ ကိုင်းမြေ၊ ရွာမြေ ဧက ၂၀၀၀ ကျော်ပေါ်မှာ အကောင်ထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

ဒါပေမဲ့ သဘာဝပတ်ကျင်ရေးရာကျွမ်းကျင်ပညာရှင်တွေက ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဧရာဝတီမြစ်ကို ထိခိုက်စေပြီး ယခုလို ရေဘေးဒုက္ခတွေအပြင် တခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ကြပါတယ်။

 

အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့အပေါ် တရားစွဲဆွဲခဲ့ရာမှာ ယခုအမရပူရ မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းလုပ်ကိုင်ခွင့်ရ ဦးမောင်ဝိတ်ဆီက လာဘ်ငွေရယူတယ်ဆိုတဲ့ စွပ်စွဲထောင်ချမှုလည်း အပါအဝင်ဖြစ်ပါတယ်။

 

 

ဓာတ်ပုံ – Mandalay Region

 

ပုံစာ – MBCCD ကုမ္ပဏီလုပ်ကွက်အတွင်းရှိ ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်းများကို ဆယ်ယူနေစဉ်