ကင်ညာ သမ္မတဖြုတ်ချနိုင်ရေး ဆန္ဒပြပွဲ တစ်လနီးပါးအတွင်း သေဆုံးသူ ၅၀ ကျော်အထိရှိလာ၊ နောက်ထပ် ၅၉ ဦးပျောက်ဆုံးနေ

Author အဂ္ဂ
Categories
Published on Jul 17, 2024

ကင်ညာနိုင်ငံမှာ သမ္မတ ဝီလီယံရူတို (William Ruto) ကို ရာထူးကဆင်းပေးဖို့ ဆန္ဒပြကြတဲ့ လူအုပ်နဲ့ ရဲတပ်ဖွဲ့တို့ဟာ ဇူလိုင် ၁၆ ရက် အင်္ဂါနေ့မှာ ထိပ်တိုက်တွေ့ခဲ့ကြပြီးနောက် အနည်းဆုံး လူတစ်ဦးထပ်မံသေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အခွန်တိုးမြှင့်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ လွန်ခဲ့တဲ့ တစ်လဝန်းကျင်ကနေ စတင်ခဲ့တာဖြစ်ပြီး သမ္မတဖြစ်သူ ရူတိုက အစိုးရအဖွဲ့ဝင်အားလုံးနီးပါးကို ထုတ်ပစ်ပြီး အခွန်တိုးမြှင့်မှု ဥပဒေကို ပြန်လည် ရုတ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေဟာ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။

ဆန္ဒပြနေတဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ သမ္မတရူတို ကိုပါ ရာထူးကနုတ်ထွက်စေလိုတဲ့အပြင် အကျင့်ပျက်ခြစားမှုများရှိနေပြီး ညံ့ဖျင်းလှတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုလုံး ရှင်းလင်းစေဖို့အတွက် စနစ်ကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လိုလားနေကြတာလည်းဖြစ်ပါတယ်။

တစ်လနီးပါးကြာ ဆန္ဒပြမှုတွေအတွင်း အနည်းဆုံ လူပေါင်း ၅၀ လောက် သေဆုံးခဲ့ရတယ်လို့ အစိုးရ ရံပုံငွေနဲ့ လည်ပတ်နေတဲ့ ကင်ညာအမျိုးသား လူ့အခွင့်အရေးကော်မရှင်(KNCHR)က ဆိုပါတယ်။

 

မြို့တော် နိုင်ရိုဘီ (Nairobi) ရဲ့ တောင်ဘက်အစွန်ဘက်မှာရှိတဲ့ ကီတန်ဂီလာ (Kitengela) မြို့မှာ ဆန္ဒပြသူတွေဟာ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာ၊ ကားတာယာတွေကို မီးရှို့ပြီး “ရူတို ဆင်းပေး (Ruto Must Go)” လို့ ကြွေးကြော်အော်ဟစ်နေတာကြောင့် ရဲတပ်ဖွဲ့ဘက်က ပစ်ခတ် ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်က ဆန္ဒပြသူတစ်ဦးဟာ ဦးခေါင်းမှာ ဒဏ်ရာရပြီးတဲ့နောက် သွေးတွေစိုရွှဲနေပြီး မြေပြင်ပေါ်မှာ လဲကျနေတာကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

ကင်ညာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

 

ဆန္ဒပြမှုတွေကြောင့် အခွန်တိုးမြှင့်ကောက်ခံမယ့် ဥပဒေကို သမ္မတရူတိုက ဇွန်လ ၂၆ ရက်မှာ ပြန်လည် ရုပ်သိမ်းခဲ့ပေမယ့်လည်း အင်္ဂါနေ့မှာတော့ နိုင်ငံတဝှမ်းက မြို့ပေါင်းခြောက်မြို့လောက်မှာ ဆန္ဒပြပွဲတွေ ကြီးကြီးမားမား ပြန်လည် ပေါ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

 

မြို့တော်နိုင်ရိုဘီရဲ့ မြို့လယ်ကောင်မှာ ဆိုရင်လည်း ရဲတပ်ဖွဲ့တွေဟာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်တဲ့ မွန်ဘာဆာ (Mombasa) မြို့မှာဆိုရင်လည်း ဆန္ဒပြသူတွေဟာ အုန်းလက်တွေကို ဝှေ့ယမ်းကာ ချီတက်ခဲ့ကြပြီး ကင်ညာနိုင်ငံရဲ့ ရုပ်မြင်သံကြားလိုင်းတွေမှာ ဆိုရင်လည်း လမ်းတွေပေါ်မှာ အမှိုက်သရိုက်တွေ မီးလောင်နေတဲ့ မြင်ကွင်းတွေကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

 

အဆိုပါဆန္ဒပြမှုတွေဟာ ရူတိုရဲ့ သမ္မတသက်တမ်း ၂ နှစ်အတွင်း အကြီးမားဆုံး ဘေးကျပ်နံကျပ် အခြေအနေ ဖြစ်လာစေပါတယ်။ ကင်ညာနိုင်ငံရဲ့ အခွန်ဝင်ငွေ ၃၀ ရာခိုင်နှုန်းကို နိုင်ငံ့ ကြွေးမြီတွေရဲ့ အတိုးတွေကို ပေးဆပ်လိုက်ပြီးတဲ့နောက်မှာတော့ ငွေထုတ်ချေးသူတွေရဲ့ လိုငွေပြမှု ဖြတ်တောက်ဖို့ အတွက် တောင်းဆိုလာမှုတွေနဲ့ လူနေမှုစရိတ်မြင့်တက်လာခြင်းကနေ ရုန်းထွက်ဖို့ ခက်ခဲလာတဲ့ လူဦးရေတွေကြားထဲ သူဟာ ချောင်ပိတ်မိသွားခဲ့တာလည်း ဖြစ်ပါတယ်။

 

သမ္မတရုံးကနေ အခုသီတင်းပတ်အတွင်းမှာ ဆန္ဒပြသူတွေရဲ့ မကျေနပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် “ကဏ္ဍစုံ” ဆွေးနွေးပွဲပြုလုပ်ဖို့ ထုတ်ပြန်ကြေညာခဲ့ပေမဲ့လည်း အခုအချိန်ထိ ဆွေးနွေးပွဲတွေ စတင်ကျင်းပမယ့် အရိပ်အယောင် မမြင်ရသေးပါဘူး။

 

ဆန္ဒပြမှုတွေကို ကြိုးကိုင်နေတဲ့ တက်ကြွလှုပ်ရှားသူခေါင်းဆောင်အများစုကတော့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ပြီး အဲ့ဒီအစား အကျင့်ပျက်ခြစားမှုတွေလို ကိစ္စရပ်တွေကို ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ကိုပဲ တောင်းဆိုခဲ့ကြပါတယ်။

 

သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အဆိုပါကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးတာ မရှိသေးပါဘူး။

 

ဆန္ဒပြပွဲတွေဟာ အစပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပိုပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာဆိုရင်လည်း ဆန္ဒပြသူတွေဟာ လွှတ်တော်ကို ခဏတာ ဝင်ရောက်စီးနင်းခဲ့ပြီး နောက်မှာတော့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

 

KNCHR ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်အရဆိုရင် ဆန္ဒပြပွဲအတွင်း သေဆုံးသူပေါင်း (၅၀) ကျော်ရှိပြီး နောက်ထပ် လူ(၅၉) ဦးကတော့ ဆန္ဒပြသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး ပျောက်ဆုံးနေတာ ဒါမှမဟုတ် ဖမ်းဆီးခံထားရတာမျိုး ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

သမ္မတရူတိုဟာ အာဏာအလွဲသုံးစာပြုမှုတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့ ကတိပြုခဲ့ပေမယ့်လည်း ရဲတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေကိုတော့ ပေါ်ပေါ်တင်တင်ပဲ ခုခံကာကွယ် ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္လာနေ့ ဇူလိုင် ၁၅ ရက်နေ့တုန်းကလည်း သူဟာ အမေရိကန်က ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “Ford Foundation” ကို ကင်ညာနိုင်ငံက အကြမ်းဖက်မှုနဲ့ ဖျက်ဆီးရမ်းကားမှုတွေကို ထောက်ပံ့ကူညီနေတယ်ဆိုပြီး သက်သေတစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိဘဲ စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

Ford Foundation ကတော့ သူတို့ဟာ ဆန္ဒပြသူတွေကို ရံပုံငွေပေးတာ ဒါမှမဟုတ် ထောက်ပံ့ကူညီတာမျိုး ဘာတစ်ခုမှလုပ်ဆောင်ခဲ့ခြင်းမရှိဘဲ သူတို့အဖွဲ့အစည်းဟာ ထောက်ပံ့ကူညီရာမှာ ဘက်မလိုက်တဲ့ တင်းကြပ်တဲ့ မူဝါဒမျိုးချမှတ်ထားတယ်လို့ ဆိုခဲ့ပြီး အဆိုပါစွပ်စွဲချက်ကို ပြန်လည်ချေပခဲ့ပတယ်။

 

 

ဓာတ်ပုံ- REUTERS/Thomas Mukoya

 

ကိုးကား – Reuters