တေးသံရှင် စိုင်းဆိုင်မောဝ် ကွယ်လွန်

Author ကိုထားဝယ်
Categories
Published on Jul 17, 2024

ရှမ်းလူထုအပါအဝင် မြန်မာကျော်တဲ့ တေးသံရှင် စိုင်းဆိုင်မောဝ်(ခ)ဦးစိုင်းညွှန်ဟာ ယနေ့ ည ၇ နာရီ ၁၅ မိနစ်မှာ ဆုံးပါးသွားပြီလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုပြောကြားပါတယ်။

 

သူဟာ ရှမ်းပဲပုပ်လေး ကျွန်တော်၊ အိပ်မရတဲ့ညပေါင်းတွေ၊ တစ်ရွာသားနဲ့ ပဝါပါး၊ မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ၊ မူဆယ်-နမ့်ခမ်းလမ်း စတဲ့သီချင်းတွေအပါအဝင် ကျော်ကြားတဲ့တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူဟာ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။

 

တေးသီချင်းတွေအပြင် သူ့ရဲ့ ရုပ်ရည်ချောမောမှုကြောင့်လည်း အမျိုးသမီးထုကြား ကျော်ကြားပါတယ်။

 

သူ့ရဲ့ ရှမ်းဘာသာတေးသီချင်းတွေကို ထိုင်းနိုင်ငံက ရေဒီယိုဌာနတွေက ပြန်လည်ထုတ်လွှင့်ရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။

 

သူ့ဂီတသက်တမ်းတစ်လျှောက် တေးအယ်လ်ဘမ် ၁၀ ခုအထိ ထုတ်ခဲ့ပါတယ်။

 

ယခုထက်ထိလည်း သူ့သီချင်းတွေကို Cover Song အဖြစ် နာမည်ကျော်တေးသံရှင်တွေက ပြန်လည်သီဆိုနေဆဲဖြစ်ပါတယ်။

 

သူသေဆုံးရခြင်းနဲ့ပတ်သက်လို့တော့ အသေးစိတ်သိရှိနိုင်ရန် CJ Platform က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်