တောင်သမန်အင်းရေ မြင့်တက်လာလို့ ဦးပိန်တံတားကြမ်းခင်းအနီးထိ ရေရောက် ညနေပိုင်း ပွဲတော်လို လူစည်ကားနေ
မန္တလေးတိုင်း၊ အမရပူရမြို့နယ်က တောင်သမန်အင်းရေမြင့်တက်လာမှုကြောင့် နာမည်ကျော် ဦးပိန်တံတားကြမ်းခင်းအထိ ရေရောက်ရှိဖို့ တစ်တောင်ခန့်သာလိုတော့တယ်လို့ တောင်သမန်ဒေသခံများထံမှ သိရပါတယ်။
အင်းရေမြင့်တက်လာလို့ ဇူလိုင် ၁၅ ရက်နေ့မှစတင်ကာ အင်းပတ်လမ်း အနိမ့်ပိုင်းနေရာတချို့မှာ ရေကျော်ခဲ့ခြင်းကြောင့် သဲအိတ်များဖြင့် ကာရံထားရပြီး ရတနာပုံတက္ကသိုလ်ဝန်းကျင်က ရပ်ကွက်နဲ့ ကျေးရွာတချို့ရှိ နေအိမ်တွေမှာလည်း ရေဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
“ဧရာ၀တီ မြစ်မကြီးက ရေက ကျနေပြီ။ တောင်သမန်ရေက အခုမှ ဘာလို့တက်ကောင်းနေလဲဆိုရင် မြစ်ကနေ အင်းထဲကို ရေဝင်တဲ့ ရေတံခါးက အခုမှဖွင့်ပေးတာ။ သဘာ၀ရေဝင်ရေထွက်နေရာတွေမှာလည်း မြေဖို့ပြီး စီမံကိန်းမျိုးစုံရှိနေတော့ အရင်လို မြစ်ရေကြီးတာနဲ့ ရေကတန်းမရောက်နိုင်တော့ဘူး” လို့ ဦးပိန်တံတားအနောက်ဘက် အမရပူရမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
လတ်တလော တောင်သမန်အင်းရေမြင့်တက်လာမှုကြောင့် ဦးပိန်တံတားသို့ ညနေပိုင်းအချိန်များမှာ လာရောက်ကြည့်ရှုလည်ပတ်သူတွေနဲ့ စည်ကားလျက်ရှိတယ်လို့ သိရပါတယ်။
“ရေကြီးရင် တံတားကို ရေလာကြည့်တဲ့သူတွေ၊ ငှက်လှေစီးတဲ့သူတွေနဲ့ ညနေပိုင်းဆိုရင် ပွဲတော်လိုဖြစ်နေတာက ထုံးစံလိုဖြစ်နေပြီ။ တံတားတချို့ အနိမ့်ပိုင်းနေရာမှာတော့ ကြမ်းခင်းနဲ့ ထိဖို့ တစ်တောင်လောက်ပဲလိုမယ်” လို့ ဦးပိန်တံတားအရှေ့ဘက် ရတနာပုံတက္ကသိုလ်ကျောင်းအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ယခုနှစ် ပထမမြစ်ရေကြီးကာလမှာ တံတားကို ရေမကျော်နိုင်ပေမဲ့ ဧရာ၀တီမြစ်မကြီးမှာ ရေအခံရှိနေခြင်းကြောင့် ဒုတိယရေကြီးကာလ ဝါဆို၊ ဝါခေါင်မှာ မြစ်ရေထပ်တိုးပါက ဦးပိန်တံတားရေကျော်နိုင်တယ်လို့ တောင်သမန်နဲ့ အမရပူရက ဒေသခံတွေက ခန့်မှန်းပြောကြားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ရေကြီးကာလအတွင်း တောင်သမန်အင်းရေမြင့်တက်လာမှုကြောင့် အင်းအနီးဝန်းကျင် ကျေးရွာ၊ ရပ်ကွက်များ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သလို ဦးပိန်တံတားကြမ်းခင်းရေကျော်ကာ အခန်းပေါင်း ၁၀ ခန်းကျော် ရေဝင်နစ်မြုပ်ခဲ့ပါတယ်။
လက်ရှိ ဧရာ၀တီမြစ်ရေဟာ ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ မန္တလေးမြို့မှာ စိုးရိမ်ရေမှတ်အထက် နှစ်လက်မခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းလာနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – မြန်မာ့အလှ သဘာ၀ရှုခင်းပုံလေးများ(အွန်လိုင်းစာမျက်နှာ)